Home
ဆောင်းပါး
အလေးထားစဉ်းစားရမည့် ရန်ပုံငွေထောက်ပံ့ရေး အကြောင်းအရာ
DVB
·
October 3, 2022

နွေဦးတော်လှန်ရေး၏ လက်နက်ကိုင်တိုက်ပွဲဆင်နွှဲလာသည်မှာလည်း ၁ နှစ်ခွဲနီးပါး ချဥ်းကပ်လာပြီ။ ပြည်သူ့ကာကွယ်ရေးတပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောဆိုချက်များအရ လည်းကောင်း၊ လက်တွေ့ တိုက်ပွဲအခြေအနေများအရ လည်းကောင်း လက်နက်ကိုင်တိုက်ပွဲ၏ လက်ရှိအနေအထားမှာ ခုခံစစ်ထက်ကို ကျော်လွန်လာခဲ့ပြီဖြစ်သည်။ ခုခံစစ်မှ ထိုးစစ်သို့ ပြောင်းလဲရန် ပြင်ဆင်လျက်ရှိသည်ကိုလည်း ကြားသိရသည်။ စစ်ရေးအရှိန် မြှင့်တင်တော့မည် ဖြစ်သည်။ ဤသည်ကို ယခုတလော တိုက်ပွဲသတင်းများအရလည်း သိရှိနိုင်သည်။ 

ထိုးစစ်သည် ခုခံစစ်ထက် လူအင်အား၊ လက်နက်ခဲယမ်းအင်အား ပို၍လိုအပ်သည်ဟု ဆိုကြသည်။ သို့ဖြစ်ရာ နောက်တဆင့်မြှင့်လာတော့မည့် စစ်ရေးအရှိန်အတွက် ဘဏ္ဍာငွေကြေးလိုအပ်ချက်မှာ ကြီးမားလာပေတော့မည်။ တနည်းဆိုရလျှင် ယင်းသို့ ပြောင်းလဲလာမည့် စစ်ရေးအခြေအနေနှင့်အညီ ငွေကြေးသုံးစွဲနိုင်ဖို့မှာ အရေးကြီးလာပါသည်။ 

ပြည်သူ ပြည်သူ ပြည်သူ

မှန်ပါသည်။ နွေဦးတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေး ဖြစ်သည်။ တစု၊ တဖွဲ့၊ တပါတီ၏ တော်လှန်ရေး မဟုတ်သလို လူမျိုးတမျိုးတည်း ဆင်နွှဲသော တော်လှန်ရေးလည်း မဟုတ်ပေ။ ပြည်သူ့တော်လှန်ရေး ဖြစ်သည့်အတွက် တော်လှန်ရေး၏ မည်သည့်အပိုင်းမှာမဆို ပြည်သူ ပါဝင်မှ ဖြစ်မည်။

ဆန္ဒပြမှုအစ၊ CDM ထောက်ပံ့မှု၊ သတင်းပေးမှု အလယ်၊ လက်ရှိ PDF တွေအတွက် ထောက်ပံ့မှုအဆုံး ပြည်သူတွေ ပါဝင်ခဲ့ကြ၊ ပါဝင်နေကြမြဲ မဟုတ်ပါလား။ အထူးသဖြင့် သာမန် အခြေခံလူတန်းစား၊ မရှိမရှား လူလတ်တန်းစားတို့က ထိပ်ဆုံးမှ ပါဝင်လျက်ရှိကြသည်မှာ အရှိတရားတစ်ခုပင် ဖြစ်သည်။ ယနေ့အချိန်ထိ တော်လှန်ရေးကြီး အရှိန်အဟုန်မပျက် ချီတက်နေနိုင်သည်မှာ သူတို့လို လူတန်းစားများ၏ ပါဝင်မှုကြောင့်လည်း ဖြစ်သည်။ သူတို့သည် လက်ရှိအချိန်အထိ သစ္စာမပျက် ပါဝင်နေ​ကြသလို ဆက်လက်ပါဝင်ဖို့ရန်လည်း ရည်သန်ထားကြပါသည်။ သို့တိုင် အခြားမျက်နှာစာတစ်ခုတွင်လည်း သူတို့နှင့်ပတ်သက်ပြီး လျစ်လျူရှု၍မရသော ပကတိအရှိတရားများကလည်း ဖြစ်ပေါ်လျက်ရှိသည်။

ကျပ်တည်းလာသော မြို့ပြနှင့် ခက်ခဲလာသော ကျေးလက်

ဇွန်လလောက်မှစတင်၍ တရှိန်ထိုး တက်လာခဲ့သော ကုန်ဈေးနှုန်းများကြောင့် သာမန်လူတန်းစားနှင့် လူလတ်တန်းစား ဆိုသူတွေ၏ စားဝတ်နေရေးမှာ တနေ့ထက်တနေ့ ကျပ်တည်း၍လာခဲ့ရာ တနေ့စာ တနေ့ ဖူလုံဖို့ကိုပင် ရုန်းကန်ကြိုးစားလာရသည်။ သူတို့ဝင်ငွေမှာ ယခင်အတိုင်း ဒုံရင်း မပြောင်းလဲဘဲ ရှိသည့်တိုင် ထွက်ငွေမှာတော့ ငွေဝင်ထက် အဆမတန် များပြားလှသည်။ သို့ဖြစ်ရာ ထိုလူတန်းစားများထံမှ ပြည်သူ့ကာကွယ်ရေးတပ်များအတွက် ထောက်ပံ့မှုများမှာ အရင်ကထက်စာရင် အရှိန်လျော့ကျလာခဲ့သည်။

နောက်တချက်မှာ လုံခြုံရေးကိစ္စ ဖြစ်သည်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးများမှာ ယနေ့အထိ ရန်သူ၏ ထိန်းချုပ်မှုအောက် ရှိနေသေးရာ မြို့ရှိ ပြည်သူများမှာ ကြက်ခြံထဲက ကြက်တွေလို အချိန်မရွေး ဖမ်းဆီးခံရနိုင်‌ခြေ ရှိလာသည်။ ဒီကြားထဲ ငွေလွှဲလမ်းကြောင်းတွေ ဖြစ်သည့် kpay၊ wave pay များကို ရန်သူဘက်မှ တင်းတင်းကျပ်ကျပ် ထိန်းချုပ်လာခဲ့သည့်အတွက် ထောက်ပံ့ရေးလမ်းကြောင်းများ ပိုလို့ပင် ခက်ခဲကျပ်တည်းသွားခဲ့ပေတော့သည်။ သည်လို အခက်အခဲတွေကြောင့် ကလစ်ကြဖို့ တိုက်တွန်းတာတွေ ရှိကြသည်။ မှန်ပါသည်။ နွေဦးတော်လှန်ရေး၏ ထူးခြားချက်တွေထဲက တစ်ခုဖြစ်သော ကလစ် အစီအစဥ်တွေသည် တော်လှန်ရေး ရန်ပုံငွေထောက်ပံ့ရာတွင် အများ​ကြီး အထောက်အကူ ဖြစ်ပါသည်။ 

သို့တိုင် ပြန့်ကျဲ များပြားနေသော PDF များအားလုံးကိုတော့ မထောက်ပံ့နိုင်သေးပါ။ ထို့အပြင် မြို့ပြရှိ ပြည်သူများအနေဖြင့်လည်း ဖော်ပြပါ စားဝတ်နေရေးအတွက် ရုန်းကန်ရမှု၊ လုံခြုံရေး အခြေအနေများကြောင့်အပြင် ကလစ်ဖို့ အချိန်ပေးရာ၌ ပုံမှန်မလုပ်ဆောင်နိုင်မှု စသည်တို့ကြောင့် ကလစ်အင်အားများ လိုအပ်နေဆဲ​ ဖြစ်သည်။ တချို့က နည်းပညာ နားမလည်မှု၊ ပွိုင့်အများကြီးရအောင် မစောင့်ဆိုင်းနိုင်မှု​တို့ကြောင့် ၁၀,၀၀၀ ဆို ၁၀,၀၀၀ လက်ငင်း ချက်ချင်း လှူပစ်ချင်ကြသူတွေလည်း ရှိ​ကြသည်။ ဤကား မြို့​ပြ၏လတ်တလော အခြေအနေဖြစ်သည်။ 

နှိုင်းယှဥ်ခြင်း မဟုတ်သော်လည်း ကျေးလက်များ၊ မြို့နယ်လေးများသည် မြို့ကြီးပြကြီးများထက် တော်လှန်ရေးလှုပ်ရှားမှု ပိုမိုအားကောင်းသည်မှာ အမှန်ပင်ဖြစ်သည်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအတွက် ဆိုလျှင်လည်း စတင်ဖွဲ့စည်းစဉ်ကတည်းကပင် လယ်ရောင်း၊ စပါးရောင်းနဲ့ မရှိ ရှိတာတွေကို ရောင်းချကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့ခဲ့ကြသည်။ အထူးသဖြင့် LPDF ခေါ်  ကိုယ်ထူကိုယ်ထ ဒေသခံကာကွယ်ရေးတပ်များမှာ NUG ၏ ထောက်ပံ့မှုရတာ နည်းသလို ယင်းထောက်ပံ့မှုတို့ မရခင်ကပင် ဒေသခံရွာသူရွာသားများ၊ တချို့ကတော့ နိုင်ငံခြား အလုပ်သွားလုပ်သူများထံကသာ အဓိကအထောက်အပံ့ရခဲ့ကြပါသည်။ သို့တိုင် ရန်သူပီသသည့် ရန်သူမှာ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းလောက်မှ စတင်ကာ ကျေးရွာများကို အကြမ်းပတမ်း လုပ်ဆောင်ခဲ့ရာ ဒေသခံရွာသူရွာသားများအတွက် ဒုက္ခငရဲရောက်ကြရတော့သည်။ ယခင်က ကိုယ့်လယ်၊ ကိုယ့်ယာ၊ ကိုယ့်စပါးကို ရောင်းချကာ ဒေသခံကာကွယ်ရေးတပ်များကို လှူနိုင်ခဲ့ကြ‌သော်လည်း ရန်သူ၏ အကြမ်းပတမ်း လုပ်ရပ်များ စတင် ကျူးလွန်သည့်အချိန်မှစ၍ အိုးပစ်အိမ်ပစ် ထွက်ပြေးကြရသည်။ ထိုမျှမက ရန်သူ၏ မီးရှို့၊ လုယက်မှုများကြောင့် ပိုင်ဆိုင်သမျှ အိုးအိမ်စည်းစိမ် မှန်သမျှ ဆုံးရှုံးခဲ့ကြရသည်။

ယခင်ကဆိုရင် ဒီတရွာ ရှို့ပေမယ့် အနီးအနားကရွာတွေမှာ သွားရောက်နေထိုင်ကာ လုပ်ကိုင်စားသောက်လို့ ရသေးသည်။ အခုအခါမှာတော့ တရွာတည်းမက ရွာစဥ်ရွာတန်းတလျှောက်ကို ရန်သူက ဖျက်ဆီးပစ်ရာ အချို့ဒေသခံများဆိုလျှင် မြို့တက်ကာ စစ်ရှောင်ကြရသလို အချို့ဆိုလျှင်လည်း ဒေသခံကာကွယ်ရေးတပ်များကပင် ပြန်လည်ထောက်ပံ့နေရသည့် အခြေအနေမျိုး ရောက်ရှိလို့နေပါသည်။ ဤသည်မှာ တော်လှန်ရေးစိတ်ဓာတ် ပြင်းထန်သည့် ကျေးလက်တောရွာ၊ မြို့နယ်များ၏ အခြေအနေများ ဖြစ်သည်။

ဘာဆက်လုပ်ကြမည်နည်း။

ရန်သူ၏ တတိုင်းပြည်လုံးကို ရည်ရွယ်သည့် ဖြတ်လေးဖြတ် အစီအစဉ်များကြောင့် မြို့ပြရော ကျေးလက်ပါ ခက်ခဲကျပ်တည်းလာရာ အရေးကြီးသော လက်နက်ကိုင်တိုက်ပွဲများအတွက် သာမန်ပြည်သူများ၏ ထောက်ပံ့မှုများက ယခင်ကလို အားမကောင်းတော့ပေ။ တဆင့်မြှင့်တင်မည့် စစ်ရေးအရှိန်နှင့်လျော်ညီစွာ ငွေကြေးသုံးစွဲနိုင်ဖို့ဆိုလျှင် ပြည်တွင်းရှိ သာမန်ပြည်သူများကိုချည်း မူတည်သည့် ထွက်ပေါက်တစ်ခုနဲ့တင်ပဲ လမ်းဆုံးလို့မရ။ နိုင်ငံခြားရောက်မြန်မာများကိုလည်း ယခုထက်ပိုကာ စည်းရုံးတိုက်တွန်းခြင်း၊ ပြည်တွင်းရှိ သူဌေးကြီးများ၊ ရန်သူနှင့်ပူးပေါင်းနေသော သူဌေးကြီးများထံမှ အစိုးရပီပီ ထိုက်သင့်သော အခွန်ကို ပြတ်ပြတ်သားသား ကောက်ခံခြင်း အစရှိသော တခြားနည်းလမ်းများကိုလည်း ဆောင်ရွက်ကြရပေမည်။ 

ရန်သူဟာ ရန်သူပီသစွာ သူ လုပ်စရာ ရှိတာများကို ရေဆုံးရေဖျား လုပ်ကိုင်နေစဉ် တော်လှန်ရေး အစုအဖွဲ့များ အထူးသဖြင့် NUG လို အစိုးရအဖွဲ့အနေနဲ့ ငွေရှာသည့်နေရာတွင် တုံ့ဆိုင်းတွေဝေနေလို့ မရ။ ယခုလို ဖြစ်ပေါ်နေသည့် ပကတိ အခြေအနေများကို ထည့်သွင်း စဉ်းစားကာ အကောင်းဆုံး‌ အဖြေရှာနိုင်မှသာ တော်လှန်ရေးကြီးကို အားကောင်းစွာ ဆင်နွှဲနိုင်ပြီး အောင်ပွဲဆီသို့ ဆက်လက်ချီတက်နိုင်မည်‌ ဖြစ်ပေသည်။

တင်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024