စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ဆာလင်းကြီးမြို့နယ်၊ ကျားတက်ရွာကို အောက်တိုဘာ ၂ ရက် မနက် ၁၁ နာရီကျော်လောက်က စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ ကျားတက်ရွာဒေသခံတဦးက ပြောပါတယ်။
“ဒေသခံတွေကတော့ တခြားရွာကို ပြောင်းတဲ့သူတွေလည်း ရှိတယ်။ မပြောင်းဘဲ နေတဲ့သူတွေလည်း ရှိတယ်။ အခုဟာက မနက် ၆ နာရီက နှစ်ဖက် အပြန်အလှန် ပစ်ခတ် နေကြတာ။ နေ့လယ် ၁၁ နာရီလောက် Mi 35 နဲ့ လာပစ်တယ်။ မိနစ် ၂၀ လောက် ကြာတယ်။ အဲလိုပစ်ပြီး ပြန်လှည့်သွားတယ်။ ကျနော်တို့ သိရတာကတော့ အဲဒီလောက်ပဲ” လို့ ပြောပါတယ်။
နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ရော၊ ပြည်သူကာကွယ်ရေးဘက်ကပါ အကျဆုံး ရှိနိုင်တယ်လို့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။
ဆားလင်ကြီးမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက “စစ်ကောင်စီဘက်က ၃ ဦး ကျတယ်။ ဒဏ်ရာရတဲ့သူလည်း များတယ်။ အဲဒါနဲ့ လေယာဉ်နဲ့ပစ်ကူ လာလုပ်ပေးတာ။ တော်လှန်ရေးအဖွဲ့တွေဘက်က ၃ ဦး ကျတယ်လို့တော့ သတင်းတွေ ထွက်နေတယ်။ အတိကျတော့ မသိရသေးဘူး။ တိုက်ပွဲမှာလည်း ထိခိုက်ဒဏ်ရာရသူ ရှိတယ်လို့တော့ ကနဦး သတင်း သိထားတယ်” လို့ ပြောပါတယ်။
ဒီဗွီဘီအနေနဲ့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ ပြည်သူကာကွယ်ရေးအဖွဲတွေနဲ့ ချိတ်ဆက်နိုင်ဖိုရာ ကြိုးစား ခဲ့ပေမဲ့ ဖုန်းလိုင်းအခက်အခဲရှိနေတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အခုတိုက်ပွဲကို မြိုင်တော်လှန်ရေးအဖွဲ့၊ ပခုက္ကူတော်လှန်ရေးအဖွဲ့နဲ့ ဆားလင်းကြီးတောင်ပိုင်းအဖွဲ၊့ မြန်မာတော်ဝင်နဂါးအဖွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။