မကွေးတိုင်း ဆောမြို့နယ်မှာ အောက်တိုဘာ ၃၀ ရက်က စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ်(၆)တပ်ရင်း လောင်းရှည် -PDF က ပြောပါတယ်။
မနေ့က မနက် ၁၀ နာရီခွဲလောက်က က.ပ.စ (၂၅) ကနေ လောင်းရှည်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်ကို လောင်းရှည်-စေတုတ္တရာကားလမ်းမှာ LSR-PDF တပ်ခွဲ (၃) တပ်ခွဲမှူး ဗိုလ်ငှက်ခါးဦးဆောင်တဲ့ အဖွဲ့က မိုင်း ၈ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ LST-PDF ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မာဃက ပြောပါတယ်။
“ယူနီးဖောင်းနဲ့ မိုးကာအုပ်ထားတဲ့ စစ်ကား တစီးကို ဆိုင်ကယ် ၇ စီးနဲ့ ဝန်းရံပြီး လိုက်လာတာ။ ဆိုင်ကယ်ပေါ် လိုက်လာတဲ့ ၂ ယောက် သေတယ်။ ခြေပြတ်လက်ပြတ်နဲ့ အပြင်းထန်ဒဏ်ရာ ရရှိတဲ့သူ အများအပြားရှိတယ်လို့ သတင်းရပြီး ရှေ့ဆက်တိုမလာရဲဘဲ က.ပ.စ (၂၅) ထဲကို ပြန်ဝင်သွားကြတယ်”
မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ပေမဲ့ PDF ရဲဘော်တွေ အထိခိုက် အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဗိုလ်မာဃ က ပြောပါတယ်။
အဲဒီမိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို ဒီဗွီဘီက သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။