ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ် တယောက် နဲ့ နယ်ထိန်းတပ်ကြပ် တယောက်ကို အောက်တိုဘာ ၁ ရက် မွန်လွဲပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ)က ဖမ်းဆီးသွားတယ်လို့ အေအေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် လှသိန်းနဲ့ နယ်ထိန်းတပ်ကြပ် ဇော်လင်းဦးတို့ကို ဒီနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်လောက်က ဂူဝဘုရားအတက်လမ်းမှာ ထိုင်နေချိန် အေအေ ကနေ ဖမ်းသွားတယ်လို့ ဆိုပါတယ်။
အဲဒီနယ်ထိန်းခေါင်းဆောင်နဲ့ နယ်ထိန်းတပ်ကြပ်ဟာ ခမရ ၅၅၀ တပ်ရင်းနဲ့ ပူးပေါင်းပြီး ပုဏ္ဏားကျွန်းမြို့နယ်က ပြည်သူတွေကို မတရားဖမ်းဆီးတဲ့အပြင် နည်းမျိုးစုံနဲ့ ဒုက္ခပေးနေလို့ ရက္ခိုင်တပ်တော်က လိုအပ်ချက်အရ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။
အဲဒီ ရဲ ၂ ယောက် ဖမ်းဆီးခံရပြီးနောက်ပိုင်း ပုဏ္ဏားကျွန်းမြို့မရဲစခန်းက ရဲတွေနဲ့ ခမရ ၅၅၀ တပ်ရင်းတို့ ပူးပေါင်းပြီး ပုဏ္ဏားကျွန်းမြို့ပေါ်က လမ်းဆုံလမ်းခွတွေနဲ့ အဝင်အထွက်တွေကို ပိတ်ဆို့ ရှာဖွေခဲ့တယ်လို့ ပြောပါတယ်။
ကျောက်တော်မြို့နယ် အပေါက်ဝနယ်မြေရဲစခန်းက ဒုရဲအုပ် နေမျိုးလွင်ကိုလည်း စက်တင်ဘာ ၁၅ ရက် ညနေပိုင်းမှာ ရက္ခိုင်တပ်တော်(အေအေ)က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။