Home
ဆောင်းပါး
မျိုးမမှန် အကျိုးအကန်းတွေနဲ့ ဘကြီးပြောတဲ့ မအလဟောကိန်း
DVB
·
October 1, 2022

PDFမရှိ၊ ဗုံးပေါက်ကွဲသံမရှိ၊ ဆန္ဒပြပွဲတွေမရှိ၊ ဝရုန်းသုန်းကားပြေးနေတဲ့ စစ်ကားနဲ့ လူနာတင်ယာဉ် လည်းမရှိ။ အပေါ်ယံကြည့်လိုက်ရင် ဘတ်လဘိုင်လိုက်နေတဲ့ဒီခေတ်ကြီးထဲ သူနဲ့မဆိုင်သလို၊ ဘာဖြစ်ဖြစ် ဘာမှ မဖြစ်သလိုနဲ့ တကယ့်အတွင်းသားထဲမှာတော့ သတိကြီးကြီးထားနေရတယ်လို့ ဘကြီးက သူ့တောမြို့လေးကို အဲဒီလို မှတ်ချက်ပြုတယ်။

ပြီးခဲ့တဲ့အပတ်က ဆိုင်ကယ်ဘက်မှန်မပါလို့ တစ်သောင်း၊ ဆိုင်ကယ်စီးဦးထုပ်မဆောင်းလို့ သုံးသောင်း၊ ဆိုင်ကယ်လိုင်စင်မပါလို့ ငါးသောင်း။ မြို့ထိပ်မှာ သေနတ်လွယ်ထားတဲ့ကောင်တွေက ဆိုင်ကယ်သိမ်းရမလား၊ ဒဏ်ကြေးပေးမလားဆိုတော့ အလစ်အငိုက်မိသူတွေ ပေးလိုက်ရတယ်။

တလောက ၁၇၊ ၁၈ အရွယ် လူငယ်လေး သုံးယောက် လက်ဖက်ရည်ဆိုင်မှာဖေ့စ်ဘွတ်ခ်ပွတ်နေတုန်း လက်ဖက်ရည်ဆိုင်လာထိုင်တဲ့ စစ်သား နှစ်ကောင် အပြန်မှာ လူငယ် သုံးယောက်ကို သူတို့စ ခန်းခေါ်သွား။ “မင်းတို့ BPI ခံသုံးတယ်မဟုတ်လား။ တစ်ယောက် ငါးသောင်းပေးမလား၊ အဖမ်းခံမလား”တဲ့။ VPNကိုတောင် မှန်အောင်မပြောနိုင်တဲ့ကောင်တွေက အီလက်ထရောနစ်ပုဒ်မနဲ့ တရားစွဲတော့မှာလိုလိုနဲ့ လက်ဖက်ရည်ဆိုင်ကအပြန် လက်ဖက်ရည်ဖိုးခပ်ချက်က တစ်သိန်းခွဲကြီးများတောင်။

“BPI ဆိုလို့ တစ်မြို့လုံးရယ်လိုက်ကြတာ ဝက်ဝက်ကိုကွဲရော။ အခုအဲဒီ နှစ်ကောင်ကိုမြင်ရင် တစ်မြို့လုံးကဟိုမှာ  BPI တွေလာပြီလို့ ပြောပြီးစပ်ဖြဲဖြဲဖြစ်ကုန်တော့တာ”တဲ့။ ဘကြီးက ရယ်ရယ်မောမောနဲ့ ပြောနေလိုက်တာ ကွမ်းတွေတောင်သီးလို့။

ဒါပေမဲ့၊ တစ်မြို့လုံးက BPIကိစ္စ ရယ်လို့သာရယ်နေကြတာ၊ ဖေ့စ်ဘွတ်ခ်ကို လက်ဖက်ရည်ဆိုင်လိုလူ မြင်သူမြင်နေရာမှာသုံးရင် တော်တော်သတိထားရတော့တယ်။ အရင်ကတည်းက နိုင်ငံရေးပို့စ်တင်လို့ဆိုပြီး ဖမ်းဆီးရိုက်နှက် ငွေညှစ် သိန်း ၃၀။ သူဌေးတွေကို PDF ထောက်ပံ့တယ်ဆိုပြီး ပြန်ပေးဆွဲငွေညှစ် သိန်း ၈၀၀၊ အဲဒီလိုဥပမာတွေက ရှိခဲ့ပြီးသားဆိုတော့ သတိဆိုတာ ပိုတယ်ဘယ်ရှိပါ့မလဲလို့  ပြည်သူချင်းလက်တို့ ကြရတယ်။

ဘကြီးဆို ဟိုး…ငယ်ငယ်ကတည်းက သတိကြီးသူ။ အခုအသက်ကလည်း ၈၀။ ငွေကြေးကတော့ သူဌေးကြီးစာရင်းမဝင်ပေမဲ့ ပြည့်ပြည့်စုံစုံ ပြီးတော့ လစဉ်မလှူရမနေနိုင် PDFတွေကို  တိတ်တိတ်လှူနေ သေးပြန်တော့ ပိုသတိကြီးရ။

ဒါပေမဲ့ ဘကြီးကလူလည်။ ဘကြီးအပြင်သွားတဲ့အခါတိုင်း ကြည့်လိုက် ဝေါ်ကီတော်ကီလိုမျိုး ခလုတ်ဖုန်း ခပ်ကြီးကြီးက သူ့ခါးကြားမှာ။ ခလုတ်ဖုန်းဆိုတာက အင်တာနက်ဝင်လို့မရ၊ ဖုန်းဆက်ခြင်း တစ်မျိုးတည်းသာလုပ်လို့ရတာမို့ ဖုန်းကိုမြင်တာနဲ့တင် ဖေ့စ်ဘွတ်ခ်မသုံးကြောင်း သက်သေခံနေသလို။

ဒါပေမဲ့ ဘကြီးက ဘယ်နေလိမ့်မလဲ။ မြို့ပေါ်နဲ့ ခပ်လှမ်းလှမ်းက သူ့သစ်သီးခြံမှာက ဖေ့စ်ဘွတ်ကြည့် ဖို့ရာ ဖုန်းတစ်လုံးတိတ်တိတ်ကလေး ထားထားတယ်။ နေ့ခင်း ထမင်းစားပြီးချိန် သစ်သီးခြံထဲသွား နားသလိုနဲ့ ဖုန်းလေးပွတ်လိုက်၊တရေး အိပ်လိုက်၊ ကျနော့်ဆီ ဆစ်ကနယ်နဲ့ဖုန်းခေါ်ပြီး တိုင်းရေးပြည်ရေးထင်ရာမြင်ရာလေး တွေပြောလိုက်။ ပြီးတော့ အဆင်တပြေရှိလှတဲ့ ဆွေမျိုးတွေနဲ့ အဝေးရောက်မိတ်ဆွေတွေဆီ ဖုန်းဆက်။ တော်လှန်ရေး ရန်ပုံငွေထည့်ဝင်ဖို့လှုံ့ဆော်။ အားလုံးက ကြွယ်ဝပြီးရက်ရောတဲ့ဘကြီးကို ယုံကြည်ကြသလို ဘကြီးရဲ့ သတိကြီးမှုကိုလည်း စိတ်ချကြတော့ လှူကြတန်းကြ။

ဘကြီးက အဲဒီလို ဖေ့စ်ဘွတ်ခ်ခိုးကြည့်ရတာကို သန်းရွှေလက်ထက်တုန်းက အိမ်ထဲမှာ ဘီဘီစီ ခိုးနားထောင်တာထက် ဆိုးနေသေးတယ်တဲ့။ တလောတုန်းက ကိုထိန်လင်းရဲ့ ဆန်ရေပရောဂျက် သစ်ထွင်းပန်းချီကား Live လွှင့်ပြီး မဲနှိုက်တာ ကြည့်ချင်လွန်းလို့ ဒုက္ခကိုရောက်ရော။ Live လွှင့်မှာက မြန်မာအချိန် ည ၈ နာရီဆိုတော့ ဖေ့စ်ဘွတ်ခ်ကြည့်တဲ့ ဖုန်းကို တစ်ညအိမ်ပြန်သယ်ပြီး အိမ်မှာပဲ ခိုးကြည့်ရကောင်းမလား။ သစ်သီးခြံမှာပဲ တစ်ညအိပ်သွားပြီးကြည့်ရကောင်းမလား ချီတုံချတုံ။ နောက်ဆုံးတော့ စိတ်ချလက်ချ သစ်သီးခြံမှာပဲ တစ်ညအိပ်လိုက်တယ်တဲ့။

“အဲဒါ ဘကြီးက သိပ်မကျွမ်းတော့ ဟိုကောင့်ကို ဘီယာတိုက်ပါမယ်ဆိုပြီး တောင်းတောင်းပန်ပန်နဲ့ ခေါ်ရသေးတယ်” တဲ့။ ဟိုကောင်ဆိုတာက ဘကြီးရဲ့လက်စွဲတော် ကျနော်တို့ ညီဝမ်းကွဲ။

ဘကြီးက ဒေါ်အောင်ဆန်းစုကြည်ခရေဇီမို့ ကိုထိန်းလင်း Live ကိုပြောမဆုံး။ ကိုထိန်လင်းရဲ့သစ်ထွင်းပန်းချီ မဲလက်မှတ်ရောင်းရငွေ ၁ ဒသမ ၇ သန်းကျော်ကို ပြောမဆုံး။

“အမေစုသားကွာ၊ အမေစုနဲ့ တော်တော့်ကိုတူတာ။ ကိုထိန်လင်းခမျာ ဟိုး…ငယ်ငယ်လေးကတည်းက အမေကို ထိုးပေးလိုက်ရတာတောင် ဘကြီးတို့ကို မေတ္တာမပျက်တဲ့အပြင် အရေးကြုံလာတော့ သူဝင်ထမ်းပေး လိုက်သေးတယ်။ ၁ ဒသမ ၇ သန်းကျော်ဆိုတာ နည်းတဲ့ရန်ပုံငွေလား။ ကိုထိန်လင်းမျက်နှာနဲ့ သူ့မေတ္တာကိုမြင်ရတော့ ဘကြီးမျက်ရည်ကျမိတယ်” တဲ့။

ပြီးတော့ Live လွှင့်တုန်းက မြင်ရတဲ့ တက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုကိုဆိုရင်လည်း ပြောမဆုံး။ ဘကြီးက တောသားသာဆိုတယ် အသုံးအနှုန်းတွေ မယဉ်ကျေးရင် နာခံမသာသူ။ ဒါပေမဲ့ ပန်ဆယ်လိုကျတော့ “ပန်ပန်တို့များ ပြောတတ်လိုက်တာ ထောင့်ကိုစေ့ရော။ ဒီခွေးတွေက ပန်ပန်တို့လို နာအောင်ပြောတတ်မှနာမှာ” တဲ့။

ပြီးတော့ ဘကြီးက ထပ်ဆက်တယ်။ ဟိုခွေးသားသမီးတွေရော လှူတာတန်းတာတွေ့မိသေးလားတဲ့။ ဘယ်ခွေးသားသမီးတွေလဲဆိုတော့ အာဏာနဲ့ အကြီးအကျယ်သိုက်တူးခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ သားသမီးတွေကိုပြောတာ။

“PDFတွေ NUG အစိုးရတွေကို မလှူခိုင်းပါဘူးကွာ။ အခုလူတွေ ဒီလောက် အဆင်မပြေဖြစ်နေကြ တာ။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စစ်ရှောင်တွေဘာတွေကို မလှူချင်မလှူနဲ့ဦး။ မြို့တိုင်းရွာတိုင်းမှာ အလုပ်မရှိလို့ ဒီလောက်ဒုက္ခရောက်နေကြတာ၊ ဒီလိုပြည်သူတွေကို လူစိတ်ရှိရင် ထမင်းတစ်နပ်လောက်တော့ လှူသင့်တယ်” လို့ ဘကြီးက နာနာကျင်ကျင်ပြောတယ်။

ဘကြီးပြောလည်းပြောချင်စရာ။ အာဏာနဲ့သိုက်တူးထားတဲ့ငွေတွေနဲ့ ဘဝပေါင်း သုံး၊လေးဆယ်စာ စီးပွားဖြစ်နေကြတဲ့ ဗိုလ်ချုပ်ဟောင်းတွေနဲ့ သူတို့သားသမီးတွေ တိုင်းပြည်အတွက် အရေးကြုံလာတိုင်း ငါးပြား တစ်စေ့ထွက်လှူတာမကြားရ။ ကိုဗစ်ကာလတွေတုန်းကလည်း ပြည်သူတွေ လှူလိုက်ကြတာ အဲဒီခွေးသားသမီးတွေ လှူတယ်လို့ မကြားမိ။

နာဂစ်ဖြစ်တုန်းကလည်း ကြည့်ဦး။ ပြည်သူတွေ ဒုက္ခရောက်လွန်းလို့ ပြည်သူ-ပြည်သူချင်းကူညီကြ တာကိုတောင် ဖမ်းလားဆီးလား။ စစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေက နာဂစ်ကိုအကြောင်းပြု ပြန်လည်ထူထောင်ရေးတွေဘာတွေဆိုပြီး ရလိုက်ကြတဲ့ ဂွင်တွေက နင့်နေရော။ သူတို့အသိုင်းအဝိုင်းကလှူတယ်ဆိုတဲ့ အလှူဟာ ၁၀၀ ရမှာမြင်လို့ ၁ ကျပ်လှူတဲ့ မသတီစရာ အလှူမျိုးတွေပါ့။

အခုဆို ဖေ့စ်ဘွတ်ပေါ်မှာ ပြည်သူ-ပြည်သူချင်း လှူကြတဲ့အလှူတွေ တွေ့လာရတယ်။ ရန်ကုန်မြို့ပေါ်မှာ ထမင်းတစ်နပ်ပဲစားရတဲ့မိသားစုတွေ၊ ထမင်းတစ်နပ်တောင် မစားနိုင်လို့ ကိုယ့်ကိုယ်ကိုယ် လူရောဟုတ် သေးရဲ့လား မေးခွန်းထုတ်နေရတာတွေပုံလို့။  အဲဒီလိုလူများစွာအတွက် ကြက်သားတစ်တုံးနဲ့ ထမင်းတစ်နပ် ဆိုရင်လည်း နတ်သုဒ္ဓါ။ တလောက တုံတုံချိချိနဲ့ အဘွားအိုတစ်ယောက် စားအုန်းဆီ တန်းစီဝယ်နေတဲ့ဓာတ်ပုံဟာ လူစိတ်ရှိသူတိုင်းကို စိတ်မကောင်းခြင်းကြီးရ။ ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတဲ့ စားအုန်းဆီတောင် အဆ မတန်ဈေးကြီးလွန်းလို့ ထက်ဝက်ဈေးနဲ့ရတဲ့ နေရာမှာ အချိန်အကြာကြီး တန်းစီစောင့် ဝယ်ကြရ။ခ ခွေးသားသမီးတွေကတော့ ပြည်သူဘာဖြစ်ဖြစ် ငါတို့က ပြည်သူမဟုတ်ဘူးလို့ သဘောထားကြပုံပါပဲ။

“ဘကြီးရဲ့ဘဝအတွေ့အကြုံအရဆို မျိုးရိုးကစကားပြောတာပဲ။ အခုကိုထိန်လင်းကိုကြည့် သူနဲ့မဆိုင် သလိုနေလိုက်လို့ရပေမဲ့ မနေတတ်လို့ တော်လှန်ရေးကို သူတတ်စွမ်းတာနဲ့ကူတာ။ အဲဒါမျိုးရိုးကနေ သွေးထဲပါလာတဲ့စိတ်ဓာတ်။ ခွေးသားသမီးတွေကို ကြည့်လေ။ ဘယ်တုန်းက ပြည်သူကို ကူခဲ့ဖူးလဲ။ ဟိုကောင် နေဝင်းမြေးတွေကြည့်ဦး၊ သူ့အဖိုးခိုးတာတွေနဲ့ တစ်သက်လုံး အောက်တန်းကျ ပျော်မြူးနေတာ ပြည်သူကို ဘယ်နှစ်ပြားလှူတာတွေ့ဖူးလဲ”တဲ့။

ဘကြီးရဲ့အသံ တုန်ခါလို့။ ပြီးတော့ ဘကြီးတို့ရွာက ဆိုးခဲ့တဲ့ သူကြီးနဲ့ သူတို့သားအကြောင်း။ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ အစဉ်အဆက်အကြောင်း သေချာပြောပြ။ မျိုးရိုးကမှ မကောင်းရင် ကောင်းစရာကိုမရှိတာတဲ့။ ပြီးတော့ ဘကြီးဆက်ပြောတာက အစဉ်အဆက် အစဉ်အလာ သွေဖီတာမျိုးမရှိဘူးဆိုတာ။

ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ကိုကြည့်မလား။ ဝန်ကြီးချုပ်ဦးနုကတော် ဒေါ်မြရီကို ကြည့်မလား။ အာဏာရှင်နေဝင်း၊ သန်းရွှေနဲ့ သိန်းစိန် မယားတွေကို ကြည့်မလား တင့်တင့်တယ်တယ်။

“အခု မအလ မယားကြည့်စမ်းပါဦးကွာ။ နှစ်လုံး၊ သုံးလုံး လက်ခွဲလိုက်ရောင်းနေတဲ့ရုပ်နဲ့ ကတော်ဖြစ် မလား။ ဒီမယ်၊ ငါ့တူကြီး။ မအလ မယားရုပ်နဲ့ တင်မအလသမ္မတမဖြစ်ဘဲ ပြေးရမယ်ဆိုတာ ဟောကိန်းထုတ် နိုင်တယ်” တဲ့။

ဘကြီးကနိုင်ငံရေးတွေဘာတွေမသိလှပေမဲ့ အသက် ၈၀ အရွယ် အတွေ့အကြုံတွေက တနင့်ကြီး။ ဘကြီးပြောရင်လွဲခဲတယ်။ မယုံမရှိနဲ့ ကိုယ့်ရုပ်ကိုယ်မှန်ထဲ ပြန်ကြည့်ပြီး ကိုယ်နဲ့တူတာတန်တာ မှန်းကြတဲ့။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024