ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ရှိ ရေခဲတောင်တွေမှာ ဘေချီဆေးဥ ရှာဖွေသူတွေထဲက ကလေး ၈ ယောက်ဖခင် အပါအဝင် အမျိုးသား ၂ ယောက် ထပ်မံပြုတ်ကျ သေဆုံးခဲ့တယ်လို့ ပူတာအို ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ကလေး ၈ ယောက်အဖေက ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာမှာနေတဲ့ ဦးမဖန်းခင်တန်ပါ။ ကုန်ဈေးနှုန်းတွေကတက်တော့ သုံးစွဲဖို့ ပိုက်ဆံလိုလို့ စွန့်စားပြီး သွားလိုက်တာ ခုလို စိတ်မကောင်းစရာတွေ ဖြစ်သွားတယ်။ ပြုတ်ကျ သေဆုံးတာက ၃ ရက်လောက်ရှိပြီ။ အလောင်းကိုတော့ ရေခဲတောင်ပေါ်မှာပဲ မြှုပ်နှံလိုက်တယ်လို့ ဖုန်းလိုင်းရတဲ့ရွာကနေ အတူသွားခဲ့တဲ့ သူ့သူငယ်ချင်းက ဖုန်းဆက်လာလို့ သိရပါတယ်။”
ကလေး ၈ ယောက်အဖေဖြစ်သူဟာ နောင်မွန်မြို့နယ် ရေခဲတောင်ကနေ ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၉ ရက်ကလည်း ခေါင်လန်ဖူးမြို့နယ် တရုတ်နယ်စပ်အနီး ရေခဲတောင်ကနေ လူငယ်အမျိုးသားတယောက် ပြုတ်ကျ သေဆုံးခဲ့ပါတယ်။ သေဆုံးသူအမျိုးသားဟာ ခေါင်လန်ဖူးမြို့နယ် ဆန်ဒမ်းကျေးရွာမှ မောင်ဒခွမ်ဆင်ဂျော်ဖြစ်တယ်လို့ သိရပါတယ်။
ဘေချီဆေးဥကို တရုတ်ပြည်ကနေ အဓိကဝယ်ယူကြပြီး အစာအိမ်ဆေးအတွက် အသုံးပြုကြတာပါ။ ရေခဲလေ့ရှိတဲ့ အမြင့်ဆုံးတောင်တွေရဲ့ တောင်စောင်း ချောက်ကမ်းပါးလို အန္တရာယ်ရှိတဲ့ နေရာမျိုးမှာပဲ ပေါက်လေ့ရှိတဲ့ အပင်မျိုးဖြစ်တယ်လို့ ဘေချီဥရှာဖွေဖူးသူ တယောက်က ပြောပါတယ်။
ဘေချီအခြောက် ၁ ပိဿာကို လွန်ခဲ့တဲ့အပတ်အထိ ၁၂ သိန်းနဲ့ ရောင်းဝယ်ခဲ့ကြပေမဲ့ စက်တင်ဘာ ၂၉ ရက်မှာတော့ ၈ သိန်းအထိ ဈေးကျသွားခဲ့ပါတယ်။
ပူတာအိုခရိုင်အတွင်း စက်တင်ဘာတလလုံးမှာ ဘေချီဥရှာရင်း ပြုတ်ကျသေဆုံးသူ ၈ ယောက်ခန့်ရှိလာခဲ့ပြီး ဖုန်းလိုင်းဆက်သွယ်ရခက်တဲ့ ရေခဲတောင်မှာ ဖြစ်ပွားတာ ဖြစ်တဲ့အတွက် အရေအတွက်ပိုရင်လည်း ပိုနိုင်တယ်လို့ သိရပါတယ်။