Home
မြန်မာသတင်း
မြန်မာ့ရွှေဈေး ကျပ် ၂၅ သိန်းအောက်ထိ ထပ်မံကျဆင်း
DVB
·
September 30, 2022

ဆက်တိုက်အကျရှိခဲ့တဲ့ ကမ္ဘာ့ရွှေစျေး ပြန်လည်ဈေးမာလာခဲ့ပေမဲ့ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်း ဆက်လက်ကျဆင်းနေတာကြောင့် မြန်မာ့ရွှေဈေးကလည်း ကျပ် ၂၅ သိန်းအောက်ထိ ထပ်မံကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာ ကမ္ဘာ့ရွှေဈေးက အနိမ့်ဆုံး နှုန်းထားတခုအနေနဲ့ တအောင်စကို ၁,၆၁၅ ဒေါ်လာထိ ကျဆင်းခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၃၀ ရက်မှာတော့ တအောင်စကို ၁,၆၇၂ ဒေါ်လာထိ ဈေးပြန်လည်မြင့်တက်လာတာပါ။

မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းဒေါ်လာငွေလဲနှုန်းထားတို့အပေါ် မူတည်ပြီး ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်လေ့ရှိပေမဲ့ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်း ဆက်လက်ကျဆင်းနေတာကြောင့် မြန်မာ့ရွှေဈေးကလည်း အကျဘက်မှာပဲ ဆက်ရှိနေတာဖြစ်တယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက တဒေါ်လာကို မြန်မာကျပ် ၄,၅၀၀ ဝန်းကျင်ထိ စံချိန်တင်ခဲ့တဲ့ ပြင်ပ ဒေါ်လာငွေလဲနှုန်းက လက်ရှိမှာ တဒေါ်လာကို ကျပ် ၃,၀၀၀ အောက်ထိ တရိပ်ရိပ်နဲ့ ပြန်လည်ကျဆင်းနေပါတယ်။ ဒါပေမဲ့ ကြိုက်ရောင်းကြိုက်ဝယ်ပုံစံနဲ့သာ အရောင်းအဝယ် ဖြစ်နေပြီး ဈေးတည်ငြိမ်မှု မရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ ရွှေဈေးနှုန်းကို ထိန်းညှိဖို့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ရွှေဒင်္ဂါးပြားတွေကို ထုတ်ရောင်းပေးနေပြီး စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ရွှေတုံး၊ ရွှေခဲ သုံးပိဿာစီကို စျေးပြိုင်တင်ဒါစနစ်နဲ့ ရောင်းချပေးမယ်လို့ ကြေညာခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၃၀ ရက် ညနေပိုင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှာ အခေါက်ရွှေ တကျပ်သားကို ၂,၄၇၀,၀၀၀ ကျပ်၊ ၁၅ ပဲရည် တကျပ်သားကို ၂,၃၂၅,၀၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024