ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မောင်းဆွဲရွာနဲ့ ကတို့ရွာလမ်းဆုံမှာ စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ဒေသခံ ၂၃ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပြီး ကြက်ခြံ ၂ ခြံနဲ့ တဲတလုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
မောင်းဆွဲရွာနဲ့ ကတို့ရွာလမ်းဆုံမှာဖွင့်လှစ်ထားတဲ့ ကိုမောင်သန်းလွင်ရဲ့ စျေးဆိုင်ပတ်ဝန်းကျင်ကို မနေ့ မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး ဒေသခံ ၂၃ ယောက်ကို ဖမ်းဆီးသွားတာပါ။
ကိုမောင်သန်းလွင်ဟာ အဲဒီလမ်းဆုံမှာ စက်သုံးဆီနဲ့ ကုန်စုံရောင်းတာဖြစ်ပြီး ကိုမောင်သန်းလွင်ရဲ့ မိသားစုဝင် ၄ ယောက်၊ ကိုဝင်းနိုင်နဲ့ မိသားစုဝင် ၅ ယောက်၊ ကိုမောင်နုနဲ့ မိသားစုဝင် ၃ ယောက်၊ ကိုသန်းဌေးနဲ့ မိသားစုဝင် ၃ ယောက်၊ ကိုမောင်ထွန်းယဥ်တို့ လင်မယား ၂ ယောက်၊ ဒေါ်မကျန်အေးတို့ မြေးအဘွား ၂ ယောက်၊ ကိုကျော်ချေတို့ သားအမိ ၂ ယောက်၊ ကိုမောင်တင်လှနဲ့ ထီးပြုပြင်တဲ့ မွတ်စလင် အမျိုးသား တယောက်ကို ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ခမရ ၃၇၇၊ ၃၇၈ တပ်ရင်း စစ်ကြောင်းဟာ စက်တင်ဘာ ၂၉ ရက်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ မောင်းဆွဲရွာဘက်ကို လက်နက်ကြီး၊လက်နက်ငယ်တွေ နဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ် ၂ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် ရွာအပြင်မှာရှိတဲ့ ကြက်ခြံ ၂ ခြံနဲ့ တဲတစ်လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြပြီး မောင်းဆွဲနဲ့ ကတို့ရွာ လမ်းဆုံနားကိုတော့ အင်အား ၃၀ လောက်နဲ့ နေ့တိုင်း လာရောက်လေ့ရှိတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ လို့ ဒေသခံ ၆ ယောက် သေဆုံးခဲ့ရသလို ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။