ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ စက်တင်ဘာ ၂၉ ရက်က မိုင်းထိပြီး ခြေနှစ်ဖက်လုံးပြတ်သွားတဲ့လူငယ်တယောက် မြောက်ဦးခရိုင်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတုန်း သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
မိုင်းထိသွားတဲ့ မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်က အသက် ၁၈ နှစ်အရွယ် မောင်စိုးနိုင်ကျော်ဟာ မြောက်ဦးမြို့ မင်းသားကျွန်တံတိုင်းအနီးရှိတောင်မှာ မိုင်းကွဲပေါက်ပြီး ခြေနှစ်ဖက်လုံးပြတ်သွားကာ စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီကျော်လောက်မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။
“မနေ့က ည ၁၁ နာရီကျော်လောက်မှာ သေသွားတယ်။ သတိတွေရခဲ့ပြီးတော့ သွေး ၄ ပုလင်း သွင်းလိုက်သေးတယ်။ ဒါပေမဲ့ ဒဏ်ရာက ပြင်းထန်တော့ အသက်တော့ မရလိုက်တော့ဘူး။ ဒီနေ့ သင်္ဂြိုဟ်သွားမှာဖြစ်တယ်။”
မိုင်းပေါက်ကွဲတဲ့နေရာအနီးမှာ စစ်ကောင်စီတပ်တွေက ယာယီ တပ်စွဲထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ အရင်က စစ်တပ်မြေတွေနဲ့ တိုက်ပွဲဧရိယာ တောတောင်တွေမှာသာ မိုင်းပေါက်ကွဲမှုတွေရှိပြီး အခု မြို့ပေါ်ရပ်ကွက်တွေအထိ မိုင်းပေါက်ကွဲမှုတွေ ရှိလာတာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းထိပြီး သေဆုံးသူ ၂၀ နီးပါးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၃၀ ကျော် ရှိနေပြီဖြစ်ပါတယ်။