Home
ဆောင်းပါး
ကုန်းပေါ်ရောက်ငါး၊ သို့မဟုတ် ပြည်သူက လက်မခံတော့တဲ့ စစ်ဓားပြတပ်
DVB
·
September 30, 2022

ငါး ဆိုတာ ရေသတ္တဝါဖြစ်တယ်။ ငါးဟာ ရေထဲမှာသာ အသက်ရှင်နိုင်ပြီး ကုန်းပေါ်အတင်ခံလိုက်ရရင် ကြာကြာအသက်မရှင်နိုင်တာ အားလုံးသိပြီးဖြစ်တယ်။ ရေထဲကငါးဟာ အကြောင်းတခုခုကြောင့် ရေထဲမှာမနေနိုင်ဘဲ ကုန်းပေါ်အတင်ခံလိုက်ရပြီဆိုရင် အသက်ရှူစရာ အောက်ဆီဂျင်မရနိုင်တော့ ပါးစပ်ကလေး ဟစိ ဟစိဖြစ်ပြီး မကြာခင် အသက်ဆုံးပါးရမြဲ ဖြစ်ပါတယ်။

အဲ့ဒီလိုပါပဲ၊ ပြည်သူ့ရိက္ခာလစာကိုယူပြီး ရှင်သန်ရတဲ့ စစ်တပ်ဟာ မိဘပြည်သူအပေါ် ကျေးဇူးကန်းလို့ သတ်ဖြတ်ရမ်းကားလာတဲ့အခါ ရေနဲ့တူတဲ့ ပြည်သူတွေ ဒေါသဆူပွက်လာတာမို့ ပူလောင်တဲ့ရေပူထဲ ဆက်မနေနိုင်လို့ ခုန်ထွက်ရင်း ကုန်းပေါ်ရောက်သွားတဲ့ငါးနဲ့ ပမာတူပါတယ်။ ပြည်သူကလက်မခံလို့ ရပ်တည်ရှင်သန်စရာ ရေခံမြေခံ ပျောက်ဆုံးရတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကုန်းခေါင်ခေါင်ပေါ်ရောက်ရတဲ့ငါးလို ကြာကြာအသက်မရှင်နိုင်ပါဘူး။

အာဏာသိမ်း စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၆ ထိမ်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ရေးအရ သိမ်းပိုက်နိုင်ဖို့အတွက် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် (ကရခ) မှ အမှတ် ၁၃ နှင့် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၃၊ စကခ ၂၀၊ သထုံမြို့အခြေစိုက် တပ်မ ၄၄ လက်အောက်က တပ်ရင်း ၁၈ ရင်းလောက်နဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကစပြီး ၁၀ လကြာ ထိုးစစ်ဆင်ခဲ့ရာမှာ လက်ရှိအခြေအနေမှာတော့ တပ်ရင်း ၈ ရင်းစာ ပမာဏရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁,၀၀၀ ကျော် သေကျေ၊ ထွက်ပြေး၊ စစ်သုံ့ပန်းအနေနဲ့ အဖမ်းခံရတာတွေ၊ CDM ပြုလုပ်မှု‌တွေ ပေါ်ပေါက်ခဲ့တာကြောင့် အဲ့ဒီလောက် အင်အားပြုန်းတီးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်တွေထံမှ သိခဲ့ရပါတယ်။

အိုနာကျိုးကန်းတပ်မတော်

တိုက်ပွဲမှာ ကျဆုံး‌ရတာ များပြားနေတဲ့အပြင် ပြည်သူလူထုကို မတရားသတ်ဖြတ်နေတာ သိနေကြတာမို့ အကြမ်းဖက်စစ်တပ်ထဲကို ဘယ်သူမှ အသက်အသေခံဖို့ တပ်သားသစ် မဝင်ရောက်လိုတော့တာမို့ အကြံကုန် ဂဠုန်ဆားချက် ဆိုသလို လက်ပြတ်ခြေပြတ် ပင်စင်စား စစ်မှုထမ်းဟောင်းတွေကို မင်းအောင်လှိုင်ဟာ သူ့အာဏာတည်မြဲရေးအတွက် အသုံးချဖို့ ကြိုးစားလာခဲ့ပြန်ပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့ စစ်ကောင်စီရဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ မှာ မင်းအောင်လှိုင်က နေပြည်တော်မှာ စစ်မှုထမ်းဟောင်း‌တွေ ဦးဆောင်တဲ့ တပ်ဖွဲ့တွေ ဖွဲ့စည်းပြီး ရဲ၊ စစ်တပ်နဲ့အတူ ပေါင်းစပ် လုံခြုံရေးယူဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါကြောင့် စစ်မှုထမ်းဟောင်းတွေကို ကိုယ်ပိုင်အမှတ် ပြန်လည်ထုတ်ပေးခဲ့ရပြီး လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ခိုင်းရုံမက စစ်မှုထမ်းဟောင်းတွေရဲ့ ဇနီးနဲ့ သားသမီး‌တွေကိုပါ အရန်အင်အားအဖြစ် ကိုယ်ပိုင်အမှတ်တွေ ထုတ်ပေးလို့ စာရင်းကောက်ယူမှုများ ရှိနေပြီး စစ်မှုထမ်းဟောင်းတွေ ဦးဆောင်တဲ့ တပ်ဖွဲ့တွေကိုလည်း ဖွဲ့စည်းနေရပြီ ဖြစ်ပါတယ်။

စစ်သားမိန်းမ‌တွေနဲ့ စစ်သားကလေးတွေ ကင်းစောင့်ကြရ

ကရင်ပြည်နယ်ကို ထိုးစစ်ဆင်ခဲ့ရာမှာ မအောင်မြင်တဲ့အပြင် အထိနာပြီး အကျအဆုံး များပြားခဲ့ရတာကြောင့် သထုံမြို့မှာ အခြေစိုက်တဲ့ တပ်မ ၄၄ လက်အောက်က တပ်ရင်းများစွာနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ရှိ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းမှ နောက်တန်းတပ်ရင်း‌တွေ ကင်းစောင့်မယ့်စစ်သား မရှိတာမို့ စစ်တပ်အရာရှိတွေက တပ်ရင်းမှ စစ်သားမိန်းမ‌တွေကို သေနတ်ပေးပြီး ကင်းရုံတွေမှာ ၂၄ နာရီ အလှည့်ကျ ကင်းစောင့်ခိုင်းနေရပြီ ဖြစ်ပါတယ်။

အဲ့ဒီလို ကင်းစောင့်ခိုင်းရာမှာ စစ်အကြမ်းဖက်ကောင်စီဟာ ကလေးအမေတွေကိုပါ မချန်ဘဲ ကင်းစောင့်ခိုင်းတဲ့အတွက် စစ်သားမိန်းမ‌တွေက သူတို့ရဲ့ကလေးတွေကိုပါ ကင်းရုံ‌တွေထဲထိ ခေါ်ဆောင်လို့ သေနတ်ကိုင် ကင်းစောင့်နေရကြောင်း သိရပါတယ်။ လူကြီးတွေ ကင်းမစောင့်နိုင်ရင် ကလေးတွေကို လူစားထိုး ကင်းစောင့်ခိုင်းစေရလောက်အောင် တပ်ပျက်နေပြီ ဖြစ်ပါတယ်။

စစ်သားက ၃ ယောက်နဲ့ စစ်သားမိန်းမ ၅ ယောက်နှုန်း၊ တရက်ကို ၈ ယောက်နှုန်းနဲ့ ကင်းချိန် ၃ နာရီစီ စောင့်ရတယ်လို့ ဆိုပါတယ်။ တပ်ရင်းရဲ့ အိမ်ထောင်သည်လိုင်းခန်းက ရှိရှိသမျှ ရဲမေတွေ အကုန်အလှည့်ကျ စောင့်ကြရပြီး အမေ၊ မိဘတွေ ကင်းမစောင့်နိုင်ရင် သူတို့ကိုယ်စား သေနတ်ကိုင်နိုင်တဲ့ ကလေးတွေ လွှတ်ပေးရတယ်လို့ ဆိုပါတယ်။

တကယ်တော့ အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ တပ်သားစုဆောင်းရေးအတွက် ဒီဝါဒဖြန့် ယန္တရားတွေနဲ့ မလုံလောက်တော့လို့ ငွေကြေးသုံးစွဲ ဝယ်ယူနေခဲ့ရတာ အာဏာသိမ်းမှု ဖြစ်စဉ်တွေ မစတင်ခင်ကတည်းကပါပဲ။

တပ်သားသစ် ၁ ယောက်နှုန်းက ၂၀၂၂ ခုနှစ် ပထမလေးလပတ် ဇန်နဝါရီလမှာ ၅ သိန်း လောက်ကနေ ဖေဖော်ဝါရီလမှာ ၇ သိန်း၊ မတ်လရောက်တော့ ၁၀ သိန်းဖြစ်ပြီး ဧပြီလမှာ လုံးဝ တပ်သားသစ်မရခဲ့ရင် ၁၅ သိန်းလောက်အထိ ဖြစ်သွားပြီး “အခု အဲဒီထက်ကို နှစ်ဆလောက် တက်သွားတယ်။ သိန်း ၂၀ နဲ့ ၃၀ ကြားလောက် ပေးရတယ်လို့ ကြားတယ်။ သိန်း ၃၀ လောက် ပေးတာတောင် တပ်သားသစ်တယောက်ကို တပ် ၃ တပ်လောက်က ဝိုင်းလုနေရတဲ့ အနေအထား ဖြစ်သွားပြီဗျ” လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောတဲ့သတင်းကိုလည်း အင်တာနက်သတင်းတွေမှာ ဖတ်ခဲ့ရပါတယ်။

အာဏာမလုခင်တုန်းကတော့ အလုပ်အကိုင်ရှားပါးတဲ့ အညာဒေသနဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေကို ဝါဒဖြန့်ချိရေး၊ ငွေကြေးအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ စွဲဆောင်ခဲ့တာကြောင့် အဲဒီဒေသတွေဟာ မြန်မာ့စစ်တပ်အတွက် တပ်သားသစ်တွေကို အများဆုံးရရှိတဲ့ ဒေသတွေ ဖြစ်ခဲ့ဖူးပါတယ်။

အာဏာသိမ်းပြီးနောက် ပြည်သူလူထုကို ပြန်သတ်၊ လေယာဉ်နဲ့ဗုံးကြဲ၊ ရွာတွေမီးနဲ့ရှို့ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ကိုင်လာပြီး နောက်ပိုင်းမှာတော့ စစ်တပ်ထဲကို ဝင်သူ မရှိသလောက်ကို ဖြစ်နေခဲ့ပါပြီ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အကြမ်းဖက်စစ်ဓားပြတပ်ဟာ တနိုင်ငံလုံးအနှံ့ စစ်မျက်နှာတိုင်းမှာ အရေးနိမ့်နေပြီး အကျအဆုံးများ၊ လက်နက်ချအဖမ်းခံ၊ CDM လုပ်ပြီး ပြည်သူဘက် ကူးပြောင်းသူများလာလို့ စစ်သည်အင်အား အနုတ်လက္ခဏာ ဆောင်လာပေမဲ့ အင်းအားဖြည့်စရာ တပ်သားသစ်အဝင်လည်း မရှိသလောက် အလွန်အင်မတန် နည်းပါးသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကြံရာမရတဲ့အဆုံး အငြိမ်းစားစစ်သားအိုတွေ၊ ခြေပြတ်လက်ပြတ် အိုနာကျိုးကန်းတွေကို ပြန်ခေါ်ယူရတဲ့အဆင့်ကို ရောက်ခဲ့ရတာပါပဲ။

ပြည်သူက လက်မခံ‌တော့တာမို့ တပ်သားသစ်မရနိုင်ဘဲ သွေးသစ်မလောင်းနိုင်တဲ့ စစ်တပ်ဆိုတာ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်ပြီး အသက်ငင်နေတဲ့ ကုန်းပေါ်တင်သွားတဲ့ငါးလို ဖြစ်နေတာ အားလုံးမြင်တွေ့နေကြရပါတယ်။ ပြည်သူလူထုဆိုတဲ့ ရေကလည်း ပွက်ပွက်ဆူလို့ ပူနေတော့ ရေထဲပြန်ဆင်းလို့မရ၊ ပြည်သူနဲ့ကင်းကွာပြီး ကုန်းပေါ်မှာလည်း ကြာကြာအသက်မရှင်နိုင်တဲ့ဘဝ အဖြစ်ဆိုးကို ရောက်ရတာဟာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါ လက်ပါး‌‌စေ စစ်ဗိုလ်ချုပ်တသိုက် လောဘမထိန်းနိုင်ဘဲ ဆင်ခြင်တုံတရား ကင်းမဲ့စွာ ပြည်သူ့အာဏာလုယူပြီး ကိုယ့်သေတွင်း ကိုယ်တူးခဲ့ကြလို့ပဲ မဟုတ်ပါလား။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024