Live
Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာအလုပ်သမား ၁၂ ဦး ဖမ်းဆီးခံရ
နန်းမြနဒီ
·
April 29, 2014
ထိုင်းနိုင်ငံ ဘန်ကောက်က ညဈေးတန်းတခုမှာ မြန်မာအလုပ်သမား ၁၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဧပြီ ၂၈ ရက် ည ၇ နာရီကျော်အချိန်က ဆာထောင်းန်မြို့နယ် ပတူနမ့် ညဈေးမှာ အရပ်ဝတ်ရဲတွေက ၀င်ရောက်လာပြီး အလုပ်သမားတွေကို ဖမ်းဆီးတဲ့အတွက် မောင်ဖြစ်သူ ကျော်နိုင်ဦးနဲ့အတူ အခြား မြန်မာအလုပ်သမား စုစုပေါင်း ၁၂ ဦး အဖမ်းခံခဲ့ရတယ်လို့ မချယ်ရီက ဒီဗွီဘီကို ပြောပါတယ်။ [caption id="attachment_55681" align="alignleft" width="300"]ဖမ်းဆီးခံခဲ့ရတဲ့ ကိုကျော်နိုင်ဦး (ဓာတ်ပုံ - ရွှေလုပ်သား) ဖမ်းဆီးခံခဲ့ရတဲ့ ကိုကျော်နိုင်ဦး (ဓာတ်ပုံ - ရွှေလုပ်သား)[/caption]“တယောက်စီ ၀င်ဖမ်းတာ။ တောက်လျှောက်ဖမ်းတာ။ အကုန်လုံး ၁၂ ယောက်လောက် ပါသွားတယ်။ ကျမမောင်လေးကိုတော့ ဆိုင်ထဲဝင်လာပြီး ကုပ်ကို ဖမ်းဆွဲတယ်။ ပြီးတော့ မင်းဗမာလားပေါ့ဆိုပြီးတော့ ဖမ်းသွားတာ။ ဘာမှ စကားတွေ၊ ဘာတွေ ပေးမပြောဘူးတဲ့။ လက်တဖက်ကို အနောက်ကို လိမ်ထားပြီးတော့ ကုပ်ကို ဆွဲပြီး ခေါ်သွားတာ။ ရဲဝတ်စုံနဲ့ မဟုတ်ဘူး။ တခါတည်း သူတို့စခန်း ခေါ်သွားတယ်။ သူ့အလုပ်ရှင် သူဌေးမက လိုက်သွားတော့ ရုံးတင်လိုက်ပြီလို့ ပြောတယ်။ ညက ချက်ချင်းထုတ်ချင်ရင် ၂ သောင်း ပေးရမယ်” လို့ ပြောပါတယ်။ ထိုင်းရဲက တောင်းတဲ့ငွေ ၂ သောင်းဟာ သူတို့အတွက် သိပ်များလွန်းတဲ့အတွက် မတတ်နိုင်လို့ မထုတ်ခဲ့ကြောင်း၊ တရားရုံးတက်ပြီး အာမခံနဲ့ ပြန်ထွက်လာမယ်ဆိုရင်တော့ ၁ ထောင်ကျော်ပဲ ကုန်မယ်လို့ ပြောကြတဲ့အတွက် မောင်ဖြစ်သူကို ရဲစခန်းမှာပဲ ထားခဲ့ရတယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေ အဖမ်းခံရကြောင်း ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို အကြောင်းကြားရာမှာတော့ စခန်းရောက်ပြီးတဲ့ကိစ္စ ဘာမှမတတ်နိုင်ကြောင်း၊ အခြား လိုအပ်တဲ့ ထောက်ခံစာတွေတော့ ထုတ်ပေးနိုင်ကြောင်း တာဝန်ရှိသူက ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆာထောင်းန်ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျ ရဲဝန်ထမ်းတဦးက ခုလို ဖြေကြားခဲ့ပါတယ်။ “မနေ့ညက ဖမ်းထားတာ ရှိပါတယ်။ ၃ - ၄ ဦးက ပတ်စပို့ပဲ ရှိပြီး အလုပ်သမားကတ် မရှိဘူး။ တချို့က ဈေးရောင်းခွင့်မရှိဘဲနဲ့ ရောင်းနေတာ။ လက်မှတ်ထဲ ခွင့်ပြုတဲ့ အလုပ်ကို မလုပ်ဘူး။ ၂ သောင်းကောက်တဲ့ကိစ္စတော့ ကျနော်တို့လည်း မသိပါဘူး။ သွားဖမ်းတဲ့ရဲပေါ် မူတည်ပါတယ်။ ကျနော်တို့တာဝန်က စခန်းကို ရောက်လာရင် အမှုဖွင့်မယ်၊ တရားရုံးတင်မယ်၊ ပတ်စပို့ပဲ ရှိပြီး အလုပ်သမားကတ် မရှိရင် ဗီဇာရုပ်သိမ်းပြီး နယ်စပ်ပြန်ပို့၊ အလုပ်သမားကတ်မှာ ဖော်ပြတဲ့အတိုင်း အလုပ်အကိုင်၊ နေရာနဲ့ အလုပ်ရှင်တွေ မှားယွင်းလွဲချော်ရင်တော့ ဥပဒေက သတ်မှတ်ထားတဲ့အတိုင်း တရားရုံးမှာ ဒဏ်ငွေဆောင်ပြီး ပြန်လွှတ်တယ် အဲဒါပါပဲ” လို့ ရှင်းပြပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့တော့ အခုလို တရားမ၀င်အလုပ်သမားတွေကို ၀င်ရောက် စစ်ဆေးဖမ်းဆီးတာဟာ အလုပ်သမားရှာဖွေရေးရုံးရဲ့ တောင်းဆိုချက်အရ အခါအားလျော်စွာ ၀င်ရောက် စစ်ဆေးရကြောင်း တာဝန်ကျရဲဝန်ထမ်းက ပြောသွားပါတယ်။ ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေဟာ ရုံးတင်စစ်ဆေးခံရတယ်ဆိုရင် ရုံးချိန်းရက်ပေါ် မူတည်ပြီး အချုပ်ခန်းထဲ ကြာကြာနေရမှာ စိုးတဲ့အတွက် တတ်နိုင်သူတွေကတော့ ပြင်ပမှာပဲ ရဲနဲ့ ညှိနှိုင်းပြီး ပြန်လွှတ်လာလေ့ ရှိပါတယ်။ ထိုင်းနိုင်ငံထဲမှာ မြန်မာပြည်က အလုပ်သမားတွေ တရားဝင်အနေနဲ့ရော၊ တရားမ၀င်အနေနဲ့ပါ စုစုပေါင်း ၃ သန်းကျော် ၀င်ရောက်လုပ်ကိုင်နေတယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024