မြန်မာ့အခေါက်ရွှေစျေးဟာ ဒီကနေ့ စက်တင်ဘာ ၂၈ ရက်မှာ တကျပ်သားကို ၂,၅၉၀,၀၀၀ ကျပ်ဝန်းကျင်ရှိပြီး တရက်အတွင်း ကျပ်တသိန်းကျော် ထပ်မံကျဆင်းခဲ့ပါတယ်။
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တွေရဲ့ စျေးနှုန်းဖော်ပြချက်အရ မနေ့က အခေါက်ရွှေတကျပ်သားကို ကျပ် ၂၇ သိန်းဝန်းကျင်မှာ စျေးပိတ်ခဲ့ပြီး ဒီနေ့ညနေပိုင်းမှာတော့ တကျပ်သားကို ၂၆ သိန်းအောက်ထိ ပြန်လည်ကျဆင်းခဲ့တာပါ။
ကမ္ဘာ့ရွှေစျေးနဲ့ ပြင်ပဒေါ်လာပေါက်စျေး ဆက်တိုက်ကျဆင်းနေတာကြောင့် ပြည်တွင်းရွှေဈေး ထပ်မံကျဆင်းလာတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။
မနေ့က ပြင်ပဒေါ်လာပေါက်စျေးဟာ တဒေါ်လာကို ၃,၁၀၀ ကျပ်ဝန်းကျင်ရှိခဲ့ပြီး ဒီကနေ့မှာတော့ တဒေါ်လာ ကျပ် ၃,၀၀၀ အောက်ကို ပြန်ကျဆင်းခဲ့ပါတယ်။
တရက်အတွင်း တဒေါ်လာကို မြန်မာငွေ ကျပ် ၁၀၀ ကျော်၊ ရွှေဈေးက တကျပ်သားကို ကျပ်တသိန်းကျော် ပြန်လည်ကျဆင်းခဲ့တာပါ။
ကမ္ဘာ့ရွှေပေါက်စျေးကလည်း မနေ့က တအောင်စကို ၁,၆၃၄ ဒေါ်လာဖြစ်ပြီး ဒီနေ့ ညနေပိုင်းမှာတော့ တအောင်စကို ၁,၆၁၉ ဒေါ်လာထိ ထပ်မံကျဆင်းလာခဲ့ပါတယ်။
ဒီနေ့ ရန်ကုန်တိုင်း ရွှေအသင်းရဲ့ ရည်ညွှန်းဈေးနှုန်းကတော့ အခေါက်ရွှေ တကျပ်သားကို ၁,၉၁၄,၀၀၀ ကျပ်ဖြစ်ပြီး ပြင်ပစျေးကွက်ပေါက်စျေးနဲ့ ကျပ် ၇ သိန်းနီးပါး ကွာဟနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်ကတော့ အခေါက်ရွှေတကျပ်သားကို ကျပ် ၃၅ သိန်းအထက်ထိ သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံးရောက်ရှိခဲ့ပြီး ပြင်ပ ဒေါ်လာငွေလဲနှုန်းက ကျပ် ၅,၀၀၀ နီးပါးထိ စံချိန်တင်ခဲ့ပါတယ်။