မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ရွာနားမှာ စက်တင်ဘာ ၂၆ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး အယောက် ၅၀ ကျော် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ်ကို စစ်ကြောင်းထိုးဖို့အတွက် လွန်ခဲ့တဲ့နှစ်ရက်က စစ်ကြောင်းသုံးကြောင်းနဲ့ လာရောက်ခဲ့ပြီး အဲဒီစစ်ကြောင်းတွေထဲက အင်အား ၇၀ ပါ စစ်ကြောင်းဟာ ဖက်ရှည်ရွာကို ကားနဲ့ရောက်လာတယ်လို့ ဆိုပါတယ်။
ပြီးတော့ သံပုရာချပ်လုပ်ကွက်ဆီကို ခြေလျင်လျှောက်လာတုန်း မိုင်းခွဲခဲ့တာလို့ ဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မိုင်းကွင်းကိုကျော်သွားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဒုတိယမိုင်းကွင်းအရောက်မှာ ထပ်ပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပထမမိုင်းကွင်းမှာ မိုင်း ၈ လုံးနဲ့ ဒုတိယမိုင်းကွင်းမှာ မိုင်း ၆ လုံး၊ စုစုပေါင်း မိုင်း ၁၄ လုံး ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၄ ယောက် သေဆုံးပြီး ၁၇ ယောက် ပြင်းထန်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မိုင်းခွဲတိုက်ခိုက်အပြီး မနက် ၁၀ နာရီလောက်မှာ နာရေးကား ၄ စီးနဲ့ သေဆုံး၊ ဒဏ်ရာရသူကို လာရောက်သယ်ဆောင်ပြီး ကျောက်ကြီးစစ်ဆေးရုံကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်သားတွေထပ်ရောက်လာပြီး ဖက်ရှည်ကျေးရွာက လမ်းသွားလမ်းလာတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးခဲ့သလို ဖက်ရှည်ကျေးရွာကိုလည်း မီးရှို့မယ်လို့ ခြိမ်းခြောက်တာကြောင့် ရွာနေပြည်သူတွေ စိုးရိမ်ကြောက်ရွံ့နေတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုဟာ လက်ယက်ကုန်းဖြစ်စဉ်အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်တာဖြစ်ပြီး တိုက်ခိုက်အပြီးမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်ထားပါတယ်။