စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ မနေ့က မိုင်းနင်းမိပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အိမ်တလုံးထဲထည့်ပြီး အိမ်ကိုပါမီးရှို့သွားတယ်လို့ သိရပါတယ်။
မနေ့ မနက်ပိုင်းက ဝါရုံခုံရွာကထွက်လာတဲ့ စစ်ကောင်စီတပ်သားအင်အား ၆၀ ကျော်ဟာ ချောင်းကွေ့၊ အလယ်ကုန်းရွာ သုဿာန်နားမှာ နင်းမိုင်းထိပြီး စစ်သားတချို့ သေဆုံးခဲ့တာပါ။
အဲဒီအလောင်းတွေကို အလယ်ကုန်းရွာ အနောက်ဖျားက လူနေအိမ်ထဲထည့်ပြီး မီးရှို့သွားတယ်လို့ Kawlin Info အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"မိုင်းမိလို့ သေတဲ့သူတွေကို ရွာအနောက်ဖျားက ကိုတင်ထွန်းရဲ့အိမ်ပေါ်တင်ပြီး အိမ်ကိုရော မီးရှို့သွားကြတာ။ အလောင်း ၅ လောင်းခန့်လို့ သိရတယ်။ အဲဒီအထဲ ဓားစားခံ ၂ ယောက်လည်းပါသွားတယ်လို့ ပြောကြတယ်။ အတည်တော့မပြုနိုင်သေးဘူး" လို့ ပြောပါတယ်။
ဒေသခံတယောက်ကလည်း “ညနေ ၄ နာရီဝန်းကျင်မှာ ဇီးဖြူကုန်းရွာက ကြက်ခြံတွေကိုလည်း အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့တယ်။ ဆက်ပြီး ရွာအရှေ့ပိုင်းက ဦးအောင်ကြွေနဲ့ ဦးအောင်ဖေအိမ်ကိုပါ မီးထပ်ရှို့တယ်။ ညဦးပိုင်းမှာ လျှော်ဖြူကုန်းဘက်ကို ဆက်တက်သွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ သောင်းကျန်းနေလို့ အနီးအနားကရွာတွေဖြစ်တဲ့ ပေပင်ချောင်၊ ညောင်ကုန်း၊ ကုက္ကိုကုန်း ရွာတို့က ဒေသခံတွေလည်း စစ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။