Live
Home
မြန်မာသတင်း
ရဟတ်ယာဉ်အမှုအတွက် သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့ကို ရုံးထုတ်စစ်ဆေး
DVB
·
September 26, 2022

ရဟတ်ယာဉ်နဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စက်တင်ဘာလ ၂၆ ရက်နေ့က နေပြည်တော်အချုပ်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ ရဟတ်ယာဉ် ၀ယ်ယူတာ၊ ပြုပြင်ထိန်းသိမ်းတာနဲ့ပတ်သက်တဲ့ ပုဒ်မ နှစ်ခုအတွက်  ယခင် လူကယ်ပြန်၀န်ကြီးဌာနက ဒုတိယအမြဲတမ်းအတွင်း၀န် ဦးနေ၀င်း ဆိုသူကိုပဲ ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြော ပါတယ်။

မနက်ဖြန် စက်တင်ဘာလ ၂၇ ရက်နေ့မှာလည်း ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိမှုတွေကိုပဲ ဆက်လက်ရုံးထုတ်စစ်ဆေး မှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးမောင်ဝိတ်ဆီက အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်ယူတယ် လို့စွပ်စွဲပြီး တရားစွဲဆိုထားတဲ့ အဂတိနှစ်မှုကိုတော့ အောက်တိုဘာလ ၄ ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက်ပေးရမှာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024