Home
ဆောင်းပါး
မြက်ခင်းစိမ်းပေါ်က ငြိမ်းချမ်းရေး
DVB
·
September 26, 2022

မနေ့ညက ယူအီးအက်ဖ်အေနေးရှင်းလိဂ် (UEFA Nations League ) ဘောလုံးပွဲ နှစ်ပွဲ ကြည့်ဖြစ်လိုက်တယ်။ တစ်ပွဲက အာမေးနီးယား-ယူကရိန်းဖြစ်ပြီး တစ်ပွဲက ဆလိုဗေးနီးယား-နော်ဝေပါ။ ဥရောပ နေးရှင်းလိဂ်တွေက ပုံမှန်ကစားနေတာကြာပါပြီ။ အာမေးနီးယား-ယူကရိန်းပွဲကို အာမေးနီးယားနိုင်ငံ ရေရီဗန်မှာ ကစားပါတယ်။ အာမေးနီးယားက လူဦးရေသုံးသန်းလောက်ပဲရှိပြီး ဥရောပမှာ ဘောလုံးအစဉ်အလာလည်း မရှိပါဘူး။ ယူကရိန်းကတော့ ဘောလုံးအစဉ်အလာရှိတဲ့ နိုင်ငံဖြစ်သလို အုပ်စုတွင်းမှာ ရလဒ်ကောင်းနေတဲ့အသင်းပါ။ နှစ်နိုင်ငံစလုံးက ယခင် ဆိုဗီယက်နိုင်ငံဟောင်းတွေ ဖြစ်ကြတယ်။ အထူးသဖြင့်တော့ လက်ရှိ ယူကရိန်းက ရုရှားတွေနဲ့ စစ်ဖြစ်နေတဲ့နိုင်ငံပါ။ စစ်ဖြစ်နေပေမယ့် ယူကရိန်းအသင်းက လက်ရှိ ဥရောပပြိုင်ပွဲတွေမှာ ဝင်ကစားနေတုန်းပါ။ စစ်ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံနဲ့ မထင်မရှား နိုင်ငံငယ်တစ်ခုရဲ့ပွဲမှာ စစ်ဖြစ်နေတဲ့ ယူကရိန်းက နိုင်ငံငယ် အာမေးနီးယားကို အသာအယာကစားပြီး (၅-၀) နဲ့ အနိုင်ရသွားတယ်။ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲမဟုတ်ပေမယ့် ဆိုဗီယက်နိုင်ငံဟောင်း နှစ်ခုရဲ့ ပွဲကို စိတ်ဝင်စားပြီးကြည့်မိတယ်။ အာမေးနီးယား ရေရီဗန်ကွင်းက သိပ်အကောင်းကြီး မဟုတ်သလို ကစားသမားတွေလည်း ယူကရိန်းကို မယှဉ်နိုင်ပါဘူး။ 

အရင်ဆိုဗီယက်နိုင်ငံ (ခုတော့လွတ်လပ်တဲ့နိုင်ငံတွေ) နှစ်ခုဟာ ဘောလုံးပွဲတစ်ပွဲကို လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ကစားနေကြတယ်။ သူတို့ဟာ သူတို့ရဲ့ identity  အတွက် ပြိုင်ပွဲတစ်ခုကို ကစားနေကြတယ်။ သူတို့ဟာ အရင်ဆိုဗီယက် မဟုတ်တော့ဘူး။ ကံအကြောင်းမလှစွာဘဲ စစ်ဖြစ်နေတဲ့ ယူကရိန်းဟာ အိမ်ကွင်းပွဲကို ကိဗ်မှာ မကစားရဘဲ ပိုလန်မှာ ကစားရတာပဲ။

တကယ်တော့ ယူကရိန်းနဲ့ အာမေးနီးယားက ပင်လယ်နက်ရဲ့ ဟိုဘက် ဒီဘက်မှာ ရှိနေတဲ့ နိုင်ငံတွေပါ။ အခု ရုရှားက ယူကရိန်းကို ဝင်တိုက်တော့ ဥရောပဘောလုံးအဖွဲ့ချုပ်က ရုရှားပါဝင်တဲ့ ပြိုင်ပွဲအားလုံးကို ဝင်ပြိုင်ခွင်မပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ဥရောပဘောလုံးပြိုင်ပွဲတွေမှာ ရုရှား မပါတော့ပါဘူး။ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ဖိုင်နယ်ကိုတောင် မူလက စိန့်ပီတာစဘတ်မှာ ကျင်းပဖို့ဖြစ်ပေမယ့် ယူကရိန်းစစ်ကြောင့် ပြင်သစ်နိုင်ငံ ပါရီကို ရွှေ့ကစားခဲ့ရတယ်။ 

ယူကရိန်းအကြောင်းပြောရင် ဟိုတစ်ချိန်တုန်းကတော့ ယူကရိန်းနဲ့ ရုရှားဟာ ဆိုဗီယက်ပြည်ထောင်စုဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ပြိုင်ပွဲတွေကို ကစားခဲ့ကြတယ်။ ၁၉၉၁ နောက်ပိုင်းကစလို့ သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ်လာတဲ့ ယူကရိန်းဟာ အားကစားဘက်မှာ ထူးချွန်ထင်ရှားတဲ့ နိုင်ငံဖြစ်ခဲ့တယ်။ ယူကရိန်းလက်ရွေးစင် ရှက်ချင်ကိုဟာ ဒိုင်နမိုကိဗ်၊ အေစီမီလန်၊ ချဲလ်ဆီးစတဲ့အသင်းတွေနဲ့အတူ ထင်ရှားခဲ့သလို ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ကလစ်ချ်ကို ဟာလည်း ယူကရိန်းနိုင်ငံသားပါပဲ။ ယူကရိန်းနဲ့ ရုရှားက တူသယောင်ရှိပေမယ့် မတူပါဘူး။ ယူကရိန်းမှာ ယူရိန်းမျိုးနွယ်စု ၇၇ ရာခိုင်နှုန်းရှိပြီး ရုရှားနွယ်ဝင်က ၁၇ ရာခိုင်နှုန်းပဲ ရှိတယ်။ 

စစ်ဖြစ်နေတဲ့ ယူကရိန်းနဲ့ စစ်မဖြစ်ပေမယ့် အရင် ဆိုဗီယက်နိုင်ငံဟောင်းဖြစ်ဖူးတဲ့ အာမေးနီးယားတို့ ကစားတဲ့ ပွဲကိုကြည့်ရင်း ဒီနိုင်ငံတွေရဲ့ အတိတ်ဖြစ်စဉ်တွေကို အတွေးပွားနေမိတယ်။ 

ဆလိုဗေးနီးယားနဲ့ နော်ဝေပွဲမှာ နော်ဝေဘက်က မန်စီးတီး တိုက်စစ်မှူး ဟာလန်းပါလို့ နော်ဝေပဲ နိုင်မယ်ထင်ခဲ့တာ ဆလိုဗေးနီးယားက (၂-၁) နဲ့ နိုင်သွားတယ်။ ဆလိုဗေးနီးယားနိုင်ငံမှာ ကစားတဲ့ ဒီပွဲကတော့ ပိုကောင်းတဲ့ကွင်းနဲ့ ပိုများတဲ့ ပရိသတ်ကို မြင်ရတယ်။ တကယ်တော့ ဆလိုဗေးနီးယားဆိုတာလည်း လွန်ခဲ့တဲ့ (၂၅) နှစ်လောက်က စစ်ဖြစ်နေတဲ့ တိုင်းပြည်ပါ။ ယူဂိုဆလားဗီးယားကနေခွဲထွက်လာပြီးတဲ့နောက် ခုတော့လည်း တည်တည်ငြိမ်ငြိမ်ဖြစ်နေပါပြီ။ ဒီနိုင်ငံတွေက  တစ်ချိန်တုန်းက ဘောလုံးမှာ အစဉ်အလာကြီးခဲ့တဲ့ ယူဂိုဆလားဗီးယားပါ။ 

အခု ယူကရိန်းစစ်ပွဲက (၇)လ ကြာလာပါပြီ။ ယူကရိန်းနိုင်ငံထဲ အလုံးအရင်း ဝင်လာတဲ့ ရုရှားတပ်တွေ ယူကရိန်းတစ်နိုင်ငံလုံးကို မသိမ်းပိုက်နိုင်သေးတဲ့အပြင် ပြီးခဲ့တဲ့လကစလို့ ကသောကမျောနဲ့ ပြန်ဆုတ်ပြေးနေရတယ်။ ရုရှားတပ်တွေ ယူကရိန်းမှာ အခြေအနေမကောင်းတော့ သမ္မတပူတင်က စစ်သား ၃၀၀,၀၀၀ ထပ်မံစုဆောင်းဖို့ စစ်အရန်တပ်ဖွဲ့ဝင်တွေကို ဆင့်ခေါ်တဲ့ mobilisation အမိန့်ကို ဗုဒ္ဓဟူးနေ့က အမိန့်ထုတ်ပြန်ခဲ့တယ်။ ဒီအမိန့်ထွက်ပေါ်လာချင်းမှာပဲ ရုရှားလူငယ်တွေဟာ အိမ်နီးချင်း ဖင်လန်နဲ့ ဂျော်ဂျီယာကို အလုံးအရင်းနဲ့ထွက်ပြေးလို့ နယ်စပ်တွေမှာ ကားတန်းရှည်ကြီးတွေ ဖြစ်သွားတယ်။ နောက်တော့လည်း ဒီဆင့်ခေါ်မှုမှာ အိုင်တီပညာရှင်တွေ၊ ဂျာနယ်လစ်တွေ မပါဘူးလို့ ထပ်ဆင့် အမိန့်ထုတ်ရပြန်တယ်။ 

စစ်ပွဲကာလ တာရှည်လာတာနဲ့အမျှ သမ္မတပူတင်ဟာ ယူကရိန်စစ်ဆင်ရေး မဟာဗျူဟာကို ပြောင်းဖို့ ပြင်ဆင်လာတာတွေ့ရတယ်။ ဒီရက်ထဲမှပဲ ရုရှားတွေသိမ်းပိုက်ထားတဲ့ လူဟန့်စ်၊ ဒိုနက်စ်၊ခါဆန်နဲ့ ဇာပရီဇီယာ ယူကရိန်းဒေသလေးခုမှာ ရုရှားတွေကြီးကြပ်တဲ့ ဆန္ဒခံယူပွဲတစ်ခု ကျင်းပနေပြီး ဒေသခံပြည်သူအများစုက ရုရှားနိုင်ငံနဲ့ ပူးပေါင်းမယ်လို့ ဆန္ဒပြုခဲ့ရင် ဒီဒေသတွေကို ရုရှား ပိုင်နက်အဖြစ် တရားဝင် သတ်မှတ်ဖို့ စီစဉ်နေတယ်။ 

ဒီဆန္ဒခံယူပွဲအရ ရုရှားပိုင်နက်ဖြစ်လာခဲ့ရင် ရုရှားရဲ့ အချုပ်အခြာပိုင်နက်ကို ထိပါးလာတဲ့ တိက်ခိုက်မှုတွေအတွက် နျူးကလီးယားလက်နက်သုံးပြီး တုံ့ပြန်သင့်ရင် တုံ့ပြန်မယ်လို့ ပူတင်က ဆိုထားတဲ့အတွက် ယူကရိန်းစစ်ပွဲရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်လာမယ် မမှန်းဆနိုင်သေးဘူး။ အမေရိကန်နဲ့ အနောက်အုပ်စုကတော့ ဒီဆန္ဒခံယူပွဲဟာ တစ်ဖက်သတ်ကျင်းပတာဖြစ်ပြီး အစစ်အမှန်မဟုတ်တဲ့ ဆန္ဒခံယူပွဲအဖြစ် အသိအမှတ်မပြုပါဘူး။ ဒီရက်ထဲမှာပဲ ရုရှားစစ်သားတွေဟာ အဲဒီဒေသတွေမှာ တစ်အိမ်ဝင် တစ်အိမ်ထွက် ဆန္ဒကောက်ယူမှုနေတာတွေ့ရတယ်။ 

ရုရှားအနေနဲ့ သံတမန်ရေး စစ်မျက်နှာမှာလည်း အခြေအနေက သိပ်မကောင်းလှဘူး။ တရုတ်နဲ့ အဆုံးအစမဲ့ ပူးပေါင်းရေး မဟာမိတ်ဖွဲ့ထားပေမယ့် ယူကရိန်းစစ်နဲ့ပတ်သက်လို့ တရုတ်ရဲ့ သဘောထားက ရုရှားတွေလိုချင်သလို မဟုတ်ခဲ့ဘူး။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးမှာ ရှီကျင့်ဖျင်နဲ့ ပူတင်တွေ့ကြပေမယ့် ရှီက ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး မေးခွန်းတွေရှိနေမယ်လို့ ပူတင်ကပြောခဲ့သလို အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း ခုချိန်ဟာ စစ်ပွဲဆင်နွှဲရမယ့်အချိန်မဟုတ်ဘူးလို့ပြောလိုက်တယ်။ 

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီနဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးတွေ့ကြတော့ ဝမ်ရီက ယူကရိန်းရဲ့ အချုပ်အခြာပိုင်ဆိုင်မှုကိုလေးစားသလို နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့မှုကို လေးစားဖို့လိုကြောင်းနဲ့ ပြဿနာတွေကို အင်အားသုံးဖြေရှင်းတာထက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာစေချင်ကြောင်း ပြောဆိုခဲ့တယ်။ တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲမှာ စစ်လက်နက်ထောက်ပံ့မှု မပြုလုပ်ခဲ့သလို ရုရှားရဲ့ လုပ်ရပ်အပေါ်မှာလည်း အတိအလင်း ထောက်ခံတဲ့သဘောထား မပြသခဲ့ပါဘူး။   ရုရှားရဲ့ လက်ရှိအခြအနေ​ပေါ်မူတည်ပြီး ဝမ်ရီကယူကရိန်းစစ်ပွဲကို အကြောင်းပြုလို့ နောက်ထပ်စစ်ပွဲကြီးတွေ ဆက်လက်ကျယ်ပြန့်မလာဖို့ကိုလည်း သတိပေးခဲ့တယ်။ 

ယူကရိန်းစစ်ပွဲမှာ ရုရှားတွေ နောက်ဆုတ်နေရပေမယ့် ရုရှားသိမ်းပိုက်နယ်မြေထဲက ဒေသလေးခု ဆန္ဒခံယူပွဲအပြီးမှာတော့ ဘာတွေ ဆက်ဖြစ်မလဲ မသိနိုင်သေးပါဘူး။ တကယ်တော့ သီးခြားလွတ်လပ်တဲ့နိုင်ငံတွေအဖြစ် ရပ်တည်နေကြပြီဖြစ်တဲ့ ဆိုဗီယက်ဟောင်းနိုင်ငံတွေဟာ မိမိတို့ရဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ မိမိတို့ ပုံမှန်အတိုင်း ရှိနေခဲ့ကြတာပါ။ 

ယူကရိန်းစစ်ပွဲသာ ပေါ်ပေါက်မလာခဲ့ရင် အခုယှဉ်ပြိုင်ကစားနေတဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲစဉ်မှာ ရုရှားကလည်း အသင်းတစ်သင်းအနေနဲ့ ပါဝင်နေမှာဖြစ်သလို ယူကရိန်းကလည်း ပိုလန်ကို အိမ်ကွင်းအဖြစ် သွားရောက်ယှဉ်ပြိုင်နေစရာ လိုမှာမဟုတ်ပါဘူး။ ကုလညီလာခံမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီ ပြောသလိုပဲ ပြဿနာတွေကို အင်အားသုံးဖြေရှင်းမယ့်အစား ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြရင် ပျော်ရွှင်စရာကောင်းတဲ့ ဘောလုံးပွဲတွေကို အားလုံးအတူတကွ ကြည့်ခွင့်ရကြမှာပါ..။ 

CWM

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024