ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁၂ ရပ်ကွက် သဘာဝရိပ်ငြိမ်လမ်းမှာ ဒီကနေ့ ညနေ ၃ နာရီက ဗိုလ်ချုပ်အုန်းသွင် (အငြိမ်းစားသီရိလင်္ကာသံအမတ်ကြီး) နဲ့ သမက်ဖြစ်သူတို့ကို အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
အငြိမ်းစားသံအမတ်ကြီးနဲ့ သမက်ဖြစ်တို့ဟာ ကားနဲ့အပြင်မှ နေအိမ်ပြန်လာပြီး ခြံတံခါးဖွင့်နေစဥ် ကားတစီးနဲ့ လာရောက်ပစ်ခတ်သွားတာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"သုံးနာရီထိုးခါနီးက သူနဲ့သူ့သမက် အပြင်ကနေ အိမ်ကို ပြန်လာတဲ့အချိန် နောက်ကပါလာတဲ့ ကားတစီးပေါ်က လူနှစ်ယောက်က ပစ်သွားတာ ပွဲချင်းပြီးပဲ"
သူတို့နှစ်ဦးအလောင်းအား ရန်ကုန်ဆေးရုံကို စစ်ကောင်စီတပ်က ပရဟိတကားနဲ့ပို့လိုက်တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ဒီကနေ့ ပစ်ခတ်မှုကို အမည်မဖော်လိုတဲ့ မြို့ပြတပ်ဖွဲ့တခုနဲ့ Inya Urban Force အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
လက်တလောမှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေဟာ လှိုင်မြို့နယ်ရှိ လူစည်းကားရာ လမ်းဆုံလမ်းခွတွေမှာ ကားတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ စက်တင်ဘာ ၁ ရက်မှ ၂၄ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၃၅ ကြိမ်ဖြစ်ခဲ့ပြီး ၉ ယောက် သေဆုံးကာ ၁၅ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။