Home
မြန်မာသတင်း
မြန်မာစစ်အာဏာရှင်ကို ပိုမိုဖိအားပေးရန်နှင့် ရွေးကောက်ပွဲသစ်ကို အသိအမှတ်မပြုရန် အမေရိကန်တိုက်တွန်း
DVB
·
September 23, 2022

မြန်မာစစ်အာဏာရှင်တွေကို ကုလသမဂ္ဂကနေတဆင့် ဖိအားတွေပိုပြီးပေးသွားနိုင်ဖို့  အမေရိကန်ပြည်ထောင်စုက ကြိုးစားနေတဲ့အပြင် မြန်မာစစ်ကောင်စီက ကျင်းပဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအသစ်ကိုလည်း အသိအမှတ်မပြုကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ် ဒဲရက်ချိုလတ်က ပြောပါတယ်။

စစ်အာဏာရှင်တွေကို ပိုပြီးတော့ဖိအားတွေပေးဖို့လိုတာကို ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားကြတယ်လို့ ကုလသမဂ္ဂရဲ့ နှစ်ပတ်လည်အထွေထွေညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ဦးဆောင်ဆွေးနွေးနေသူ ဒဲရက်ချိုလတ်က စက်တင်ဘာ ၂၂ ရက်မှာ ပြောကြားခဲ့ဖြစ်ပါတယ်။

အခုလတ်တလောအတွင်းမှာပဲ ကျောင်းသားကလေးငယ် ၁၁ ဦး သေဆုံးခဲ့ရတဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ နိုင်ငံကျော် နိုင်ငံရေးသမား လေးဦးကို ကွပ်မျက်ခဲ့မှုတွေကို ထုတ်နုတ်တင်ပြပြီး မြန်မာနိုင်ငံရဲ့ ၁၀ နှစ်ကြာ ဒီမိုကရေစီခရီးလမ်းကို ဖျက်ဆီးပစ်ပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဒဲရက်ချိုလက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒဲရက်ချိုလက်ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဦးအောင်ကျော်မိုးတို့နဲ့ စက်တင်ဘာ ၂၁ ရက်က နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံရာမှာ အကြမ်းဖက်စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ အပေါ် အမြင်သဘောထားတွေ၊ စစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုတွေဆက်လုပ်ဖို့ ပစ်မှတ်ထားသင့်တဲ့ လုပ်ငန်းတွေ၊ တရားမျှတမှုဖော်ဆောင်နိုင်ရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေး၊ နည်းပညာ၊ ဆက်သွယ်ရေး၊ အကူအညီနဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူရင်ခွင်ခိုလှုံလာကြသူတွေအတွက် ကူညီပေးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးက ထုတ်ပြန်ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ် ဒဲရက်ချိုလတ်ဟာ တခြားသက်ဆိုင်ရာနိုင်ငံတွေက အစိုးရတွေနဲ့ တွေ့ဆုံရာမှာတော့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်တာကို ဆွေးနွေးခဲ့ပြီး လက်တွေ့ဆောင်ရွက်ဖို့အတွက်ကတော့ အရမ်းစောနေသေးသလို အတိအကျလည်းမသိနိုင်သေးဘူးလို့ ဆိုပါတယ်။

ရုရှားနဲ့ တရုတ်က ဒီပြဿနာပေါ်မှာ လုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံကို ဘယ်အတိုင်းအတာထိ အရေးယူစေချင်သလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားထားဖို့လိုမယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရှိနေတဲ့ မြန်မာစစ်ကောင်စီရဲ့ မဟာမိတ်နှစ်နိုင်ငံကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

တခြားသက်ဆိုင်ရာအစိုးရတွေအနေနဲ့ လာမယ့် ဩဂုတ်လထဲမှာ ပြုလုပ်သွားမယ့်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုတာကိုလည်းလုံးဝအသိအမှတ်မပြုကြဖို့ ဒဲရက်ချိုလတ်က တိုက်တွန်းထားပါတယ်။

နိုင်ငံမှာ နယ်မြေစိုးမိုးမှုကလည်း တစ်ဝက်လောက်တောင်မရှိတော့တာရယ်၊ နိုင်ငံရေးအကျဉ်းသားတွေ အဖမ်းခံ၊ အသတ်ခံနေရတာရယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းထားပြီး လပေါင်း ၂၀ လောက် ဘယ်သူနဲ့မှပေးမတွေ့တာရယ်၊ ဒါတွေကိုကြည့်ရင် သူတို့လုပ်မယ့်ဒီရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ လွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်ဘူးလို့ အမေရိကန် အရာရှိက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်ကလည်း  စစ်ကောင်စီ ပြုလုပ်မယ့်ရွေးကောက်ပွဲဟာ အလိမ်အညာသာဖြစ်လိမ့်မယ်လို့ စက်တင်ဘာ ၂၂ ရက်က သတိပေးပြောကြားခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း စက်တင်ဘာ ၂၁ ရက်က  ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန့်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“မိမိတို့ ရှာဖွေနေကြတဲ့ အောင်မြင်မှုအားလုံးရဲ့ အခြေခံဟာ လူ့အခွင့်အရေးဆိုတာပါပဲ။ ဒါပေမဲ့ ခုဒီနေ့လို ခရစ်သက္ကရာဇ် ၂၀၂၂ မှာတောင် အခြေခံကျတဲ့လွတ်လပ်ခွင့်တွေဟာ ခြိမ်းခြောက်ခံနေရတုန်းပါပဲ။ ဒါဟာ ရှင်းကျန်းဒေသမှာ ချိုးဖောက်ခံရမှုတွေကနေ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့တက်ကြွလှုပ်ရှားသူတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေကို စစ်အာဏာရှင်က ဆိုးဝါးတဲ့ နှိပ်စက်ကလူမှုတွေ ပြုလုပ်နေတာတွေအထိ ကမ္ဘာကြီးရဲ့ နေရာတိုင်းလိုလိုမှာ ဖြစ်နေတာပါ။”လို့ သမ္မတဘိုင်ဒင်ကပြောပါတယ်။

အာဏာသိမ်းပြီးနောက်စစ်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုတွေ ဆက်တိုက်ချမှတ်ဆောင်ရွက်ခဲ့ပေမဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူဖို့ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူတွေကတောင်းဆိုတာကိုတော့ အခုထိဆောင်ရွက်ခြင်းမရှိသေးပါဘူး။

အမေရိကန်ရဲ့ မဟာမိတ်ထိုင်းနိုင်ငံဟာ သဘာဝဓာတ်ငွေ့ကို မြန်မာနိုင်ငံကနေ တင်သွင်းနေတာဖြစ်ပါတယ်။

အာဆီယံဟာလည်း မြန်မာနိုင်ငံအရေးကို အမေရိကန်ကမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကြား နိုင်ငံရေးအရဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ မဆောင်ရွက်နိုင်ခဲ့သလို အိမ်နီးချင်းအိန္ဒိယနိုင်ငံကလည်း မြန်မာစစ်ခေါင်းဆောင်းတွေအပေါ် ပြင်းပြင်းထန်ထန်အရေးယူဖို့ တွန့်ဆုတ်နေတယ်လို့ အေအက်ဖ်ပီသတင်းမှာ ရေးသားဖော်ပြပါတယ်။

Ref-AFP/ Photo Credit-MoHR

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024