မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စက်တင်ဘာ ၂၃ ရက် မနက် ၄ နာရီခွဲက စစ်ကောင်စီတပ်ရင်း ၅၈၈ အနီးရှိ ကြိုးတံတား ဘုန်းကြီးကျောင်း တောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို Ye Defence Force - YDF နဲ့ YGF ပြောက်ကျားတပ်ဖွဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ YDF က ထုတ်ပြန်ပါတယ်။
အဆိုပါ စီးနင်းမှုမှာ M16 (A1) ၁ လက်၊ AK 47 ကိုးလုံးကျည် (ဂျောက်ဂျက်) နဲ့ ငှက်ကြီးတောင်ဓားတလက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ရေး PDF မှ တာဝန်ရှိသူက “ကျည်တချက်မှ မဖောက်လိုက်ရဘဲ အနီးကပ် ဝင်စီးတာပါ။ လူတော့မမိဘူး၊ လွတ်သွားတယ်။ ပြီးတော့ လက်နက်တွေသိမ်းဆည်းပြီး အနီးနားမှာ လွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနောက်လိုက်ပြီး နယ်မြေရှင်းလင်းခဲ့ပါတယ်” လို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာ စစ်ကောင်စီတပ်ဘက်က တပ်ကိုဖျောက်ထားပြီး PDF တွေနဲ့ နှစ်ဖက် ထိတွေ့မှုတော့ မရှိသေးပါဘူး။
ရေးမြောက်ပိုင်းဒေသက ရွာတွေအများစုမှာ စစ်ကောင်စီနဲ့ PDF တွေရဲ့ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်က မော့ကနင် ခလရ ၁၀၆ တပ်ရင်းရှိ တပ်ရင်းမှူးနေအိမ်ကို ရေး YGF ပြောက်ကျားတပ်ဖွဲ့က ၄၀ မမနဲ့ ၂ ချက် ပစ်ခတ်ခဲ့ပါတယ်။