ယူကရိန်းအရှေ့ဘက်ရှိ စစ်ဆင်ရေးစခန်းတွေကို ရုရှခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားဆဲ

989
ရုရှအစိုးရလိုလားသူ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအရှေ့ဘက်က စလာဗီယန့်စ်မြို့ အဓိက စစ်ဆေးရေးစခန်းတွေကို ဧပြီလ ၂၆ ရက်နေ့အထိ ထိန်းချုပ်ထားဆဲပါ။
ဒန်ညက်စ်မြို့ကနေ စလာဗီယန့်စ်မြို့ကို သွားတဲ့လမ်းက စစ်ဆေးရေးစခန်း ၅ ခုမှာ ၃ ခုကို ရုရှလိုလားသူတွေက ထိန်းချုပ်ထားပါတယ်။ စလာဗီယန့်စ်မြို့လယ်ကို ဦးတည်ထားတဲ့ လမ်းတွေကိုတော့ ရုရှလိုလားသူတွေက အတားဆီးတွေ ပိုပြီး ချထားပါတယ်။
ဧပြီလ ၁၅ ရက်နေ့က အသိမ်းခံထားရတဲ့ အစိုးရလုံခြုံရေးဆိုင်ရာ ရုံးအပြင်ဘက်မှာတော့ လက်နက်ကိုင် မျက်နှာဖုံးစွပ် စစ်သားတွေက စောင့်ကြပ်နေပါတယ်။ သိမ်းပိုက်ခံ အဆောက်အဦ တွေရဲ့ အပြင်မှာ တင့်ကားတွေနဲ့ လက်နက်တပ်ထားတဲ့ သံချပ်ကာယာဉ်တွေ ပိုပြီး စောင့်ကြပ်နေပါတယ်။
ရုရှလိုလားသူ တက်ကြွလှုပ်ရှားသူတယောက်ကတော့ အစိုးရတပ်တွေက စလာဗီယန့်စ်မှာ စစ်ဆေးရေးစခန်း ထားတာပါ။ ဒီစစ်ဆေးရေးစခန်းတွေ အသိမ်းခံရတယ်ဆိုတဲ့ တချို့မီဒီယာတွေရဲ့ စကားက အဓိပ္ပါယ်ကို မရှိဘူးလို့ ပြောပါတယ်။
အစိုးရတပ်တွေ ထိန်းချုပ်တဲ့ စစ်ဆေးရေးစခန်းတွေကိေုတာ့ စလာဗီယန့်စ်မြို့ကနေ ကီလိုမီတာ ၂၀ လောက် ဝေးတဲ့နေရာမှာ မြင်နိုင်ပါတယ်။
စစ်သားတွေက သူတို့ကိုယ်သူတို့ ဘေးကင်းစေဖို့ စစ်ဆေးရေးစခန်းတွေရဲ့ ပတ်လည်နေရာကို မိုင်းထောင်ထားပါတယ်။
