Home
ဆောင်းပါး
တူမီးတော်လှန်ရေးမှသည် မောင်းပြန်ကို မျှော်လင့်နေတဲ့ နွေဦးသူရဲကောင်းများ
DVB
·
September 22, 2022

နွေဦးတော်လှန်ရေးမှာ တူမီးလို့ ပြောလိုက်ရုံနဲ့ တောင်ပေါ်ဒေသတွေမှာ အမဲလိုက်ရာမှာ အသုံးပြုတဲ့ သေနတ်တမျိုးဖြစ်ပြီး တချို့ဒေသတွေမှာတော့ ယမ်းထောင်းသေနတ်လို့ ခေါ်ဝေါ်ကြတာကို လေ့လာသိရှိရပါတယ်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ပြီး နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးပြီးနောက် နိုင်ငံတဝန်းလုံးမှာ အာဏာဖီဆန် CDM လှုပ်ရှားမှုတွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေ ပေါ်ပေါက်လာခဲ့သလို နိုင်ငံတကာမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက တညီတညွတ်တည်း ဆန္ဒပြခဲ့ကြပါတယ်။

ငြိမ်းချမ်းစွာနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းတာတွေ မတရားဖမ်းဆီး သတ်ဖြတ်တာတွေ ကျူးလွန်လာကြတော့ ဒါကို မခံမရပ်နိုင်တဲ့ ပြည်သူလူထုဟာ ရရာလက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်ကို တော်လှန်ပုန်ကန်ဖို့ စိုင်းပြင်းလာကြပါတော့တယ်။

ဒီလိုနဲ့ပဲ မြို့နယ်အသီးသီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး စစ်ကောင်စီကို လုံးဝအုပ်ချုပ်ခွင့်မရစေရဆိုတဲ့ စိတ်ဓာတ်တွေကို အခိုင်အမာစွဲကိုင်ပြီး စစ်ကောင်စီကို တော်လှန်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကို လက်နက်ခဲယမ်းတွေ ရရှိဖို့ ကြိုးစားလာကြပါတော့တယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဂေါက်ကွင်းတိုက်ပွဲကတော့ မြန့်မာနွေဦးတော်လှန်ရေးရဲ့ ပထမဦးဆုံး လက်နက်ကိုင်တိုက်ပွဲတခုအဖြစ် ထင်ရှားလာခဲ့ပါတယ်။ ပြည်သူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ စစ်ကောင်စီတပ်တွေကို ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့မှာ CDF-မင်းတပ်က ဘိုးဘွားပိုင် တူမီးသေနတ်တွေနဲ့ စတင်တိုက်ခိုက်ကာ စစ်ကောင်စီကား ၆ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီဘက်က အရာရှိတဦး အပါအဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမတိုင်ခင်မှာလည်း မေလ ၁၁ ရက်နေ့ ညမှာ မင်းတပ်မြို့မရဲစခန်းကို CDF-မင်းတပ်က တူမီးသေနတ်တွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သေးတယ်လို့ CDF-မင်းတပ်ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

မင်းတပ်တိုက်ပွဲပြီးတော့ ဒုတိယမြောက် တူမီးတော်လှန်ရေးကို စတင်ခဲ့တာကတော့ CDF-ကန်ပက်လက်ပဲ ဖြစ်တယ်လို့ CDF-ကန်ပက်လက်ရဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

“ကျနော်တို့ CDF-ကန်ပက်လက်က မြန်မာ့နွေဦးတော်လှန်ရေးသမိုင်းမှာ CDF-မင်းတပ် ပြီးရင် ဒုတိယမြောက် လက်နက်ကိုင်တိုက်ပွဲဝင်တဲ့ တပ်ဖွဲ့ဖြစ်ပြီး တိုက်ပွဲအကြိမ်ရေဟာလည်း အနည်းဆုံး ၇၀ ကျော်ခဲ့ပြီ။ ဒါပေမဲ့လည်း NUG/MOD က ကျနော်တို့ကို လက်နက်တပ်ဆင်ပေးတာတို့ ကျည်ဆန်ပံ့ပိုးပေးတာတို့ မရှိသေးဘူးဗျ။ အဓိက အခက်အခဲကတော့ ကျည်ဆန်ကုန်တဲ့ အခက်အခဲပဲ။ စခန်းတွေ မကြာခဏ လက်လွှတ်လိုက်ရတာလည်း လက်နက်အင်အား မပြည့်စုံလို့ ကျည်ဆန်မလုံလောက်လို့ စွန့်လွှတ်ခဲ့ရတာ” လို့ CDF-ကန်ပက်လက်ရဲ့ တပ်မဟာမှူး ကိုရှိန်းထန်းက ပြောပြပါတယ်။

NUG/MOD ကိုလည်း လက်နက်ခဲယမ်း ဖြည့်ဆည်းပေးဖို့ တောက်လျှောက် အကူအညီ တောင်းနေပေမဲ့ ယနေ့အချိန်ထိ ဘာမှမဖြည့်ဆည်းပေးဘူးလို့  ကိုရှိန်းထန်းက ဆက်လက်ပြောပြပါတယ်။

“ချင်းပြည်နယ်မှာဆိုရင် ကျနော်တို့ ကန်ပက်လက်ဟာ အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှုအနည်းဆုံးမြို့လည်း ဖြစ်တာကြောင့် ရန်ပုံငွေရရှိမှု အားနည်းတယ်။ ကျည်ဆန်တတောင့်ရဲ့ ဈေးကလည်း ၁၀,၀၀၀ ကျပ်နဲ့အထက် ရှိနေပြီဆိုတော့ အခက်အခဲတွေဖြစ်တယ်။ အခုလည်း ကျနော်တို့ တပ်ရင်းတခုကို စစ်(...)တွေ နေရာယူလိုက်တော့ အဲဒါကို ပြန်ယူဖို့ ကျည်ဆန်များများလိုတယ်။ ကျနော်တို့ကို ကူညီနိုင်မယ့် အဖွဲ့တွေကို အကူအညီတောင်းထားပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့လည်း CDF-ကန်ပက်လက်ကို လက်နက်ခဲယမ်း ဖြည့်တင်းနိုင်ဖို့ ကူညီပံ့ပိုးပေးကြဖို့ကိုလည်း အကူအညီ တောင်းခံထားပါတယ်။”

မြန်မာ့နွေဦးတော်လှန်ရေးမှာ စိတ်ဓာတ်နဲ့ လူအင်အား သာလွန်ပေမဲ့လည်း လက်နက်အင်အား ကွာဟမှုတွေကြောင့် မလိုအပ်ဘဲ အသက်တွေ စတေးလိုက်ရတာတွေလည်း ရှိနေခဲ့တယ်ဆိုရင် မှားမယ်မထင်ပါဘူး။

ချင်းတောင်ဘက်မှာ တိုက်ပွဲတွေဖြစ်နေတော့ ယောဒေသဘက်က ကာကွယ်ရေးတပ်တွေနဲ့ ပြည်သူလူထုတွေကလည်း ချင်းပြည်ကို စစ်ကြောင်းထိုးမယ့် ကားလမ်းတွေကို သစ်ပင်တွေ ခုတ်လှဲပြီး လမ်းပိတ်ဆို့ပေးတာတို့ စစ်ကြောင်းရောက်ရှိတဲ့ နေရာတွေကို သတင်းပေးပို့တာတို့ကို တညီတညွတ်တည်း လုပ်ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ပထမဆုံးအနေနဲ့ ကိုယ့်ဒေသအတွင်းမှာရှိတဲ့ လူငယ် ၂၂ ယောက်ကို စုစည်းကာ CDF-ကန်ပက်လက်ကို အကူအညီတောင်းပြီး ကိုယ့်ဒေသအတွင်းမှာပဲ သင်တန်းစပေးခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေးကို စုဖွဲ့နိုင်ခဲ့တယ်။ ကျနော်တို့က ဘာအဖွဲ့အစည်းအမည်မှ မတတ်ဘဲ သီးခြားလှုပ်ရှားခဲ့တာ။ အဲဒီနောက်ပိုင်းမှာ ဒေသအတွင်းက လူငယ်တွေ စိတ်ဝင်စားမှု များပြားလာတော့ ဒုတိယအကြိမ်မှာ ၆၇ ယောက် သင်တန်းပေးနိုင်ခဲ့တယ်လို့ The Youth Force (ဆော၊ ကျောက်ထု) ရဲ့ ခေါင်းဆောင် ကိုဇင်ကိုဝင်းက ပြောပါတယ်။

အဲဒီလူငယ်တွေကို သင်တန်းပေးနေတဲ့အချိန်မှာပဲ စစ်တပ်က ကျနော်တို့ဒေသကို ပထမဆုံးအကြိမ် စစ်ကြောင်းထိုးလာလို့ သင်တန်းကို ချက်ချင်းရပ်တန့်ပြီး သင်တန်းမပြီးဆုံးခင်မှာပဲ NUG က D Day မခေါ်ခင် တရက်အလို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှာ CDF-ကန်ပက်လက်နဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့ကြတာ။

အဲဒီတိုက်ပွဲအပြီးမှာ အဖွဲ့စည်းနာမည်တခုခု လိုအပ်လာပြီလို့ ဆုံးဖြတ်ပြီး YDF (ဆော၊ ကျောက်ထု) ဆိုပြီး အခြေတည်ပြီး တိုက်ပွဲဝင်ခဲ့ကြတာ။ အဲဒီတိုက်ပွဲက ကိုယ့်ဒေသအတွင်းမှာ ပထမဆုံးဆိုပေမဲ့ ကျနော်တို့ရဲ့ ပထမဆုံးတိုက်ပွဲက ပေါက်မြို့နယ် သက္ကယ်ကျင်းရွာမှာ အစောဆုံး ဖြစ်ဖူးတာလို့ ဆရာဇင်ကိုဝင်းက ပြောပါတယ်။

“ကျနော်တို့က တိုက်ပွဲအတွေ့အကြုံလည်း တခါမှမရှိသေးတော့ အေးအေးဆေးဆေးပဲ တူမီးနဲ့ ပစ်ရင်လည်း ဒီကောင်တွေ သေတယ်လို့ပဲ တွေးထားတာ။ ဒါပေမဲ့ မြေပြင်မှာ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကြားရတဲ့အခါမှာ ကိုယ်တိုင်တောင်မှ ခံယူချက်တွေ ပျက်ပြားသွားစေတဲ့ အနေအထားမျိုးအထိ ဖြစ်ခဲ့တယ်။ အဲဒီအခြေအနေကနေ တဆင့်မြှင့်ပြီး ရှော့ဂမ်းကျည်နဲ့ ပစ်လို့ရတဲ့ တတောင့်ထိုးလေးတွေ စပြီးတီထွင်ခဲ့တယ်။ အဓိကတော့ မိုင်းကို အသုံးပြုလာပြီး လိုအပ်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဝယ်ယူရလို့ ငွေကြေးအခက်အခဲတွေ ဖြစ်လာတယ်။ မိုင်းထုတ်လုပ်ရေးအတွက် နည်းပညာအားနည်းချက်တွေ​ကြောင့် ဖောက်ခွဲရေးမိုင်းတွေ စမ်းသပ်ရင်းနဲ့ ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ တော်လှန်ရေးစကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG/MOD ဆီကနေ အပ်တိုတချောင်းတောင်မှ အထောက်အပံ့ မရဖူးသေးဘူးဗျ။ ကျနော်တို့ ထင်ထားတာက သူတို့ ထောက်ပံ့ပေးနိုင်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ တကယ် ရှေ့တန်းမှာ လက်ရှိ တိုက်ပွဲဝင်နေကြတဲ့သူတွေ အတွက်ကတော့ ယနေ့ထိတိုင်အောင် ဘာကူညီထောက်ပံ့မှုမှ မပေးနိုင်တဲ့ အပေါ်မှာတော့ ကျနော်တို့ စိတ်အားငယ်မိတယ်လို့ ပြောပါတယ်။”

အဖွဲ့ထဲမှာ ရှိတဲ့ CDM ဆရာမလေးတွေရဲ့ ရွှေထည်တွေကို ရောင်းချလှူဒါန်းပေးလို့ အဲဒီငွေတွေနဲ့ ရပ်တည်ခဲ့ရပြီး လက်နက်ဝယ်ဖို့အတွက် အလှူရှင်တွေဆီက ငွေတွေကို စုဆောင်းပြီးမှ လက်နက်ခဲယမ်းတွေ ဝယ်ယူခဲ့ရတာလို့ ဆိုပါတယ်။

လက်နက်နဲ့ ကျည်ဝယ်ယူတဲ့ နေရာမှာလည်း အချိန်ကြန့်ကြာတာတွေရှိသလို တချို့အဖွဲ့တွေဆိုရင် ပစ္စည်းမရောက်ဘဲ ငွေတွေဆုံးရှုံးသွားတာ ရှိကြပေမဲ့ တပ်ဖွဲ့ကတော့ ဝယ်ယူတဲ့ လက်နက်တွေ၊ ကျည်တွေ ဆုံးရှုံးမှုမရှိအောင် ဝယ်ယူ စုဆောင်းနိုင်ခဲ့တယ်လို့ ဆရာဇင်ကိုဝင်းက ပြောပါတယ်။

Local PDF တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားတာကို ပြည်သူတွေသိရှိမှ လှူဒါန်းပေးကြတာဖြစ်ပြီး PDF တွေအနေနဲ့ကလည်း ပြည်သူလှူဒါန်းတာတွေရှိမှ တိုက်ပွဲကို ပုံမှန်ထက်ပိုပစ်လို့ရတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။

TYF အနေနဲ့ NUG အစိုးရနဲ့ တရားဝင်ချိတ်ဆက်ပြီး သူတို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ လျှို့ဝှက်တိုက်ပွဲဝင်ဖို့ စီစဥ်နေတာ ယနေ့အချိန်ထိ အဆင်မပြေသေးကြောင်းနဲ့ ဒေသတွင်းမှာ Local PDF တွေလည်း များစွာ ရှိနေသလို ဘယ်သူမှမသိဘဲ တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးခဲ့ရတဲ့ သူတွေလည်း အများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဘက်ကလည်း စစ်ကောင်စီရဲ့ထိုးစစ်ကို ဟန့်တားနိုင်လောက်တဲ့ လက်နက်ခဲယမ်းသာ ပြည့်စုံမယ်ဆိုရင် စစ်ဆင်ရေးတွေ လှုပ်ရှားနိုင်ပြီး စစ်(...)တွေ ပိုပြီး အထိနာနိုင်တယ်။ ဒါမှမဟုတ်ဘဲ တဖက်က တိုက်ပွဲတိုက်နေပြီး တဖက်မှာ ငြိမ်နေမယ်ဆိုရင် တော်လှန်ရေးကတော့ ကြာနေဦးမှာပဲ” လို့ ဆရာဇင်ကိုဝင်းက ပြောပါတယ်။

မောင်းပြန်သေနတ်ကတော့ လူ ၁၀၀ မှာ တယောက်လောက်သာ ကိုင်နိုင်ပြီး ဖောက်ခွဲရေးမိုင်းကိုသာ အဓိကအားထားပြီး တိုက်ခိုက်နေရတာဖြစ်သလို ကျေးရွာတွေနဲ့ ဝေးတဲ့နေရာတွေမှာသာ တိုက်ခိုက်နေတာဖြစ်လို့ TYF နယ်မြေထဲက ရွာတွေကိုတော့ မီးရှို့ဖျက်ဆီးခံရတာ မရှိဘူးလို့ ဆိုပါတယ်။

NUG/MOD အနေနဲ့လည်း Local PDF တွေအတွက် တိကျတဲ့ မူဝါဒတခု ချမှတ်သင့်ပြီး Local တွေအနေနဲ့ သူတို့လက်အောက်ကို ဝင်ရောက်ဖို့ ကြိုးစားနေတာကို လက်ခံမပေးတာကတော့ နားမလည်နိုင်စရာ အချက်တခု ဖြစ်နေတယ်လို့ ကိုဇင်ကိုဝင်းက ပြောပါတယ်။

ရေစကြိုမြို့နယ် ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးကတော့ “လက်နက်ကိုင်တော်လှန်ရေး စတင်တဲ့အချိန်မှာ တူးမီးလေးတလက်ရဖို့တောင် မင်းတပ်တို့ ယောဒေသဘက်တို့ကို တက်ပြီး ဝယ်ယူခဲ့ရကာ ပစ်စရာယမ်းမရှိလို့ သေနတ်ကို ထိုင်ကြည့်နေရတဲ့ ဘဝကနေ ယမ်းတွေ၊ ခဲသီးတွေရဖို့ အမျိုးမျိုးတွေ ကြိုးစားခဲ့ရတယ်” လို့ ပြောပါတယ်။

မိုင်းခွဲဖို့ဆိုရင်လည်း ဘယ်လိုခွဲရမယ်ဆိုတာ မသိလို့ ကျွမ်းကျင်တဲ့သူတွေဆီမှာ သွားရောက် သင်ယူခဲ့ရပြီး စမ်းသပ်ရင်းနဲ့ ရဲဘော်တွေ ထိခိုက်ခဲ့ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပြည်သူလူထုကို အပြည့်အဝအကာအကွယ်ပေးနိုင်ဖို့ဆိုတာက NUG အစိုးရ အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေမှာ အားနည်းချက်တွေ အများကြီး ရှိနေတယ်။ ပြည်သူကို ကာကွယ်ပေးဖို့ဆိုရင် စုဖွဲ့မှုအားကောင်းပြီး လက်နက်အင်အား တောင့်တင်းမှုရှိဖို့ လိုအပ်တယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

“ကျနော်တို့အပါအဝင် တခြားတော်လှန်ရေးအဖွဲ့စည်းတွေ အကုန်လုံး လက်နက်ကို ငဲ့နေရသလို NUG အစိုးရကလည်း လက်နက်ခဲယမ်းတွေ လုံလောက်အောင် တပ်ဆင်မပေးနိုင်သေးလို့ ဒီအချိန်မှာ ပြည်သူလုထုကို အပြည့်အဝ အကာအကွယ် မပေးနိုင်သေးဘူးဆိုတာ ဝန်ခံရမယ့် ကိစ္စပါ။ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည် ပေါ်ပေါက်ရေးနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် မျက်ခြည်မပြတ်ဘဲ NUG၊ ကာကွယ်ရေးအင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေက တစိုက်မတ်မတ် လျှောက်လှမ်းမယ်ဆိုရင် ပိုပြီးမြန်မှာပါ”လို့ ဆိုပါတယ်။

NUG နဲ့ မြို့နယ် ပ.က.ဖ အဖွဲ့တွေဆီက ဘာလက်နက်ခဲယမ်း အထောက်အပံ့မှ မရှိသေးတဲ့ တော်လှန်ရေးအဖွဲ့တွေ ပေါက်မြို့နယ်တောင်ပိုင်းမှာ ၆ ဖွဲ့လောက်ရှိနေပြီး လက်နက်ခဲယမ်းတွေက ကိုယ်ထူကိုယ်ထရှာဖွေရတာ ခက်ခဲသလို လက်နက်ဈေးနှုန်းတွေ တအားတက်နေတာကြောင့် အခက်အခဲတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတယ်လို့ SPGF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်နဂါးလေးက ပြောပါတယ်။

မောင်းပြန်သေနတ်တွေ လက်နက်ငယ်တွေ နည်းပါးလို့ အနီးကပ်တိုက်ပွဲတွေ မဆင်နွှဲနိုင်ပေမဲ့ အခု စမ်းသပ်ထုတ်လုပ်လိုက်တဲ့ တာဝေးပစ် လက်နက်တွေကိုသာ အသုံးပြုရမှာဖြစ်လို့ တော်လှန်ရေးအတွက် အများကြီး အထောက်အကူ ပြုတယ်လို့ ဆိုပါတယ်။

အခု စမ်းသပ်ထုတ်လုပ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေကိုလည်း ညီနောင် မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့တွေကို ဖြန့်ဝေပေးသွားဖို့ အစီအစဥ်ဆွဲနေကြောင်း လက်နက်ထုတ်လုပ်ရေးပိုင်းမှာလည်း စတင်စမ်းသပ်တဲ့အချိန်မှာ ရဲဘော်တွေအတွက် အရမ်းကိုအန္တရာယ်များတဲ့လုပ်ငန်းဖြစ်တယ်လို့ ဗိုလ်နဂါးလေးက ပြောပါတယ်။

လက်နက်ခဲယမ်းပစ္စည်းတွေကလည်း လိုချင်တိုင်းမရ လမ်းပန်းဆက်သွယ်ရေးကလည်း အဆင်မပြေ၊ ဈေးနှုန်းတွေကလည်း တအားမြင့်တက်နေတဲ့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ မိဘပြည်သူတွေအနေနဲ့ တော်လှန်ရေးအတွက် သွေးအေးမသွားဘဲ မိမိတို့ တတ်နိုင်သရွေ့ ပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေဟာ လက်နက်ခဲယမ်းတွေ ရရှိနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ရုန်းကန် ကြိုးစားလာကြသလို မိုင်းတွေ၊ လက်နက်ကြီးတွေ တီထွင်စမ်းသပ်ရင်းနဲ့ အသက်တွေ စတေးခဲ့ရတဲ့ သူရဲကောင်းတွေ အများအပြားရှိသလို ဖမ်းဆီးခံခဲ့ရတဲ့သူတွေလည်း ရှိနေခဲ့ပါတယ်။

လက်နက်ခဲယမ်း တီထွင်ထုတ်လုပ်ရင်းနဲ့ အထက်မင်းလှ PDF နဲ့ မကွေးတောင်ပိုင်း PDF တို့ ပူးပေါင်းပြီး အီနာဂါအမျိုးအစား ဗုံးသီးတမျိုးကို ပထမအဆင့်အနေနဲ့ တီထွင် ထုတ်လုပ်နိုင်ခဲ့တယ်။ ပစ္စည်းရှိရင်ရှိသလို ထုတ်လုပ်နိုင်ပြီး ကုန်ကျစရိတ်ကတော့ ကျပ် ၃၀,၀၀၀ ဝန်းကျင်လောက် ကုန်ကျတယ်။ အဓိကဝယ်ရတဲ့ ပစ္စည်းခဲယမ်းရဲ့ တန်ကြေးအပေါ်မှာ မူတည်တယ်လို့ မင်းလှ-PDF နဲ့ မကွေးမြို့နယ်တောင်ပိုင်း PDF မိုင်းထုတ်လုပ်ရေးတာဝန်ခံ ရဲဘော်ဘစောက ပြောပါတယ်။

“အီနာဂါဗုံးသီးဟာ ကျနော်တို့ကိုင်နေတဲ့ မောင်းပြန်သေနတ်တွေရဲ့ထိပ်မှာ တပ်ဆင်ပစ်ခတ်ရပြီး အကွာအဝေးကတော့ ပို့ယမ်းကောင်းရင် ကောင်းသလို ကျနော်တို့သုံးနေတဲ့ ယမ်းနဲ့ကတော့ တမိုင်လောက်အထိ ပစ်ခတ်နိုင်တယ်။ ဝေးဝေးကနေ ပစ်ခတ်နိုင်လေ ကိုယ့်ရဲဘော်တွေအတွက် အန္တရာယ်ကင်းလေပဲ။ ပုံမှန်သေနတ်နဲ့ ယှဥ်ပစ်တာထက်စာရင် တချို့စခန်းတွေကို သွားတိုက်တဲ့အခါ နီးကပ်သွားပြီဆိုရင် အနီးကပ် လုပ်စရာမလိုဘဲ ဖြတ်သွားဖြတ်လာ စစ်(...)ကားတွေကိုလည်း မိုင်းဆွဲတိုက်ခိုက်တာအပြင် အီနာဂါဗုံးသီးနဲ့ အဝေးကနေ ပစ်ခတ်လို့ရတာကြောင့် အများကြီးအကျိုးရှိတယ်။”

မကွေးတိုင်း ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ SPGF ကလည်း အတွဲလိုက်ပစ်ခတ်လို့ရတဲ့ ရော့ကက် ရှော့တိုက်ဒုံးတမျိုး အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ SPGF ကနေ သိရပါတယ်။

အခုထုတ်လုပ်အောင်မြင်ခဲ့တဲ့ လက်နက်အမျိုးအစားကတော့ ရော့ကက်အမျိုးအစား ရှော့တိုက်ဒုံးဖြစ်ပြီး ၄ လုံးတွဲ အတွဲလိုက် ပစ်ခတ်လို့ရသလို တတောင့်ချင်းလည်း ပစ်ခတ်လို့ရပြီး အကွာအဝေး တမိုင်ခွဲလောက်အထိ ပစ်ခတ်နိုင်တယ်လို့ SPGF ရဲ့ လက်နက်ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်လပြည့်က ပြောပြပါတယ်။

“ကျည်ဖူးတွေကတော့ တနေ့ကို ၁၀ လုံးလောက် ထုတ်လုပ်နိုင်တယ်။ အခုရှော့တိုက်ဒုံးက အနီးကပ်တိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ယခင်ထုတ်လုပ်တဲ့ တာဝေးပစ် လက်နက်တွေထက် ပိုပြီးတော့ အဆင်ပြေပါတယ်။ ဒီလက်နက်ထုတ်လုပ် အောင်မြင်ဖို့အတွက် တလခွဲနီးပါး အချိန်ယူ စမ်းသပ်ခဲ့ရတယ်။”

ထုတ်လုပ်တဲ့နေရာမှာလည်း ယမ်းပျော့ဈေးတွေ မြင့်တက်သလို ဝယ်ယူရခက်ခဲပြီး သံပိုက်တွေ ရှာဖွေရတာလည်း မလွယ်ကူဘဲ လျှပ်စစ်မီး အခက်အခဲတွေရှိတယ်။ စစ်ကောင်စီဘက်က စစ်ကြောင်းတွေ မကြာခဏထိုးနေတော့ လုံခြုံမယ်ထင်တဲ့ နေရာတွေမှာ ပုန်းကွယ်ပြီး ထုတ်လုပ်ရလို့ အန္တရာယ်အရမ်းများတယ်လို့ ဗိုလ်လပြည့်က ပြောပါတယ်။

အခုထုတ်လုပ်တဲ့ လက်နက်မှာတော့ ထိခိုက်ဒဏ်ရာရရှိတာမရှိဘဲ ယခင်ထုတ်လုပ်တာတွေမှာတော့ ကျောက်ပဲကွဲတာတို့ ဝရိန်မီးထိတာတို့ရှိပြီး ထုတ်လုပ်ထားတဲ့ လက်နက်တွေကို တော်လှန်ရေးတပ်ဖွဲ့ တွေက ကမ်းလှမ်းလာတာရှိလို့ ပြန်လည်မျှဝေပေးဖို့ စဥ်းစားထားတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ မောင်းပြန်သေနတ်တလက် ဝယ်ယူနိုင်ဖို့ဆိုရင် အနည်းဆုံး ငွေကျပ်သိန်း ၂၀၀ ကျော် ကုန်ကျမှာဖြစ်ပြီး လမ်းကြောင်းအခက်အခဲ၊ ငွေကြေးအခက်အခဲတွေ များစွာ ရင်ဆိုင်နေကြရကာ ယခုကာလဟာ ပြည်သူတွေ ကျပ်တည်းနေတဲ့ကာလဖြစ်လို့ ရန်ပုံငွေရရှိဖို့ မလွယ်ကူဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တယောက်က ပြောပြပါတယ်။

လက်နက်ခဲယမ်း တပ်ဆင်ပေးနိုင်မှုအပိုင်းနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တတ်နိုင်သလောက် ကြိုးပမ်းဆောင်ရွက်နေပြီး သန်းနဲ့ချီတဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးကို  အပြည့်အစုံ တပ်ဆင်မပေးနိုင်သေးဘူးလို့လည်း ဝန်ခံပြောဆိုထားပါတယ်။

NUGကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း LDF တွေနဲ့ ချိတ်ဆက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူတွေပါတဲ့ အထူးအလုပ်အဖွဲ့တစ်ခု ဖွဲ့စည်း လုပ်ဆောင်နေပြီး LDF ခေါင်းဆောင်တွေအနေနဲ့ ဒီအလုပ်အဖွဲ့ကိုဖြစ်ဖြစ်၊ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်တို့ကို တိုက်ရိုက်ပဲဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့လည်း  NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေးပြောကြားထားပါတယ်။

ဘယ်လိုအခက်အခဲမျိုးတွေပဲ ကြုံတွေ့နေပါစေ၊ နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းတွေကတော့ ရရာလက်နက်နဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်တဲ့အထိ အသက်ပေး တိုက်ပွဲဝင်နေကြသလို တာဝန်သိ ပြည်သူတွေအနေနဲ့လည်း မရှိ ရှိတာလေးနဲ့ ပါဝင်ထောက်ပံ့ပေးနေကြတာလည်း နေ့စဥ်နဲ့အမျှ မြင်တွေ့နေကြရပါတယ်။

စစ်အာဏာရှင်တွေကို အမြစ်ပြတ် တော်လှန်တိုက်ခိုက်နေကြတဲ့ နွေဦးသူရဲကောင်းတွေအတွက် တူမီးတော်လှန်ရေးနေ မောင်းပြန်သေနတ်တွေကို မျှော်လင့်နေရတဲ့ မျှော်လင့်ချက်တွေ ချက်ချင်းပြည့်ပြီး အာဏာသိမ်းစစ်တပ်ကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်။

နွေဦးကိုကို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024