Home
မြန်မာသတင်း
အာဏာသိမ်း ၁ နှစ်ခွဲကျော်အတွင်း စစ်တပ်က ပြည်သူ ၂,၃၀၀ ကျော်ကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်
DVB
·
September 21, 2022

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၃၀၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၅၉၁ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၄၅၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၄၈၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေတွက်ကတော့ ၈၄ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၁၁၄ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ် သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၆၀ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တောင်စုကျေးရွာအတွင်းကို နတ်သံကွင်းတံတားရှိ ခမရ ၃၅၁ က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ အဆိုပါ လက်နက်ကြီးကျည်စဟာ ဒေသခံအမျိုးသမီးတယောက်ဖြစ်တဲ့ နော်သူးလေဖောကို ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

တောင်စုကျေးရွာအတွင်းက ဒေသခံတွေဟာ အကြမ်းဖက်စစ်အုပ်စုတပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတဲ့အတွက် ကျေးရွာအပြင်ဘက်မှာ တိမ်းရှောင်နေကြရပြီး နော်သူးလေဖောဟာ ကျေးရွာအတွင်းကို ဆန်ပြန်ယူပြီးနောက် ရွာအပြင်ဘက်ကို ပြန်ထွက်တဲ့အချိန်မှာ လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာလည်း အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ အမျိုးသမီး ၇ ယောက်နဲ့ ကားမောင်းလိုက်ပို့ခဲ့သူ အမျိုးသား ၁ ယောက်ကို  ဖားကန့်မြို့နယ် တရားရုံးကနေ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်မှာ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်က ဆန္ဒထုတ်ဖော်ပြီး ကားနဲ့အပြန် လမ်းမှာ စစ်သားတွေဖမ်းဆီးတာကို ခံခဲ့ရပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

အမျိုးသမီး ၇ ယောက်ဖြစ်တဲ့ ဒေါ်မာမာလင်း၊ ဒေါ်ခင်တိုး၊ ဒေါ်သန်းငွေ၊ ဒေါ်ဌေးဌေးခိုင်၊ မစန္ဒာရွှေသိန်း၊ ဒေါ်မြင့်မြင့်သန်းနဲ့ မခင်လဲ့တို့ကို ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လစီ ချမှတ်ခဲ့ပြီး အမျိုးသားတယောက်ဖြစ်တဲ့ ဦးသိန်းထွန်းကိုတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အပြင် တခြား ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ ၇ လ ချမှတ်ခဲ့တာလို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး ထိန်းသိမ်း တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024