ရခိုင်ပြည်နယ်က မြို့နယ် ၆ မြို့နယ်အတွင်း အကူအညီပေးရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်မှာ အကြမ်းဖက် စစ်ကောင်စီဘက်က ညွှန်ကြားထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား ဖြစ်ပွားနေတဲ့ တကျော့ပြန် တိုက်ပွဲတွေကြောင့် လုံခြုံရေးအခြေအနေတွေဟာ အကဲဆတ်နေပြီးတော့ မြို့နယ်အများအပြားမှာ ညမထွက်ရအမိန့်တွေ၊ ရှာဖွေစစ်ဆေးတာတွေနဲ့ ဖမ်းဆီးတာတွေ အပါအဝင် အသွားအလာ ကန့်သတ်ချက်တွေနဲ့ လုံခြုံရေးအစီအမံတွေကို ချမှတ်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး မောင်တောမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသတွင်း လူသားချင်းစာနာမှု ဆိုင်ရာ အဖွဲ့တွေနဲ့ အကူအညီတွေကို ဘေးကင်းစွာနဲ့ အတားအဆီးမရှိ ဖြတ်သန်းပို့ဆောင်နိုင်ရေးအတွက် တိုက်တွန်းစည်းရုံးတာတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာတော့ မကြာသေးမီ ရက်ပိုင်းအတွင်းက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းတွေအရ မြန်မာနိုင်ငံတဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ စုစုပေါင်းဟာ ၁ ဒသမ ၃ သန်းကျော် ရှိလာပြီလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့ စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်က ရွာတွေ၊ နေအိမ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်တာတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေ ပိုများပြားလာနေတယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။