မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မနေ့က ဆိုင်ကယ်စီးလာတဲ့ အမျိုးသားကို ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားက ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအမျိုးသားဟာ နေ့လယ် ၂ နာရီလောက်မှာ နောက်အမျိုးသားတယောက်ကို ဆိုင်ကယ်နဲ့ သွားပို့နေတုန်း ရေး-အစင်သွားကားလမ်းပေါ် ရထားသံလမ်းကူးနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးဖို့ ရပ်ခိုင်းတာကို မရပ်ခဲ့ဘဲ ပြန်လာချိန်မှာတော့ ကင်းပုန်းဝပ်နေတဲ့ စစ်သားက ဘာမှမပြောဘဲ ပစ်ခတ်လိုက်တာလို့ ဒေသခံတယောက်က ပြောပါတယ်။
သေဆုံးသူဟာ သက်လတ်ပိုင်း အမျိုးသားတယောက်ဖြစ်တယ်လို့ပဲ သိရပြီး ဘယ်သူမှ သွားမကြည့်ရဲကြလို့ ဘယ်သူမှန်း ဘယ်ကမှန်း မသိရသေးသလို မိဘဆွေမျိုးတွေနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ သူက ပြောပါတယ်။
ဆိုင်ကယ်စီးလာသူတွေထဲက မသင်္ကာလို့ ဖမ်းဆီးရိုက်နှက်ခံရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေး -အစင် ရထားသံလမ်းနေရာမှာ တဖက်ကသွားရင် ရွှေပြည်သာ၊ အစင်၊ ဇီးဖြူသောင်၊ ဓမင်းဆိပ်၊ အဘော်၊ အံဒင်၊ ငါးမျှားစခန်း၊ ဒူးယား စတဲ့ ရွာတွေရှိကြပြီး ရေလုပ်ငန်း ရွာတွေမှာတော့ ရွှေ့ပြောင်း ရေလုပ်သားတွေရှိကြပါတယ်။
ဒီလမ်းကြောင်းမှာ စစ်ကောင်စီတပ်ဘက်က လုံခြုံရေး တင်းကျပ်ပိတ်ဆို့ထားသလို ကင်းပုန်းဝပ်လေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။
မွန်ရွာတွေမှာတော့ ဘာသာစကားအခက်ခဲကြောင့် နားမလည်တာ၊ မကြားတာတွေကြောင့် စစ်ကောင်စီ လုံခြုံရေးတပ်ရဲ့ စစ်ဆေးဖို့ ပြောဆိုတဲ့အခါမှာ မရပ်မိလို့ စစ်ဆေးဖမ်းဆီးခံရတဲ့သူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း ရေး-ချောင်းတောင် တံတားစစ်ဆေးရေးဂိတ်မှာ ခေါဇာမြို့က မွန်လူငယ်အမျိုးသား စိတ်ဝေဒနာရှင်တယောက်ကို စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးခဲ့ပါသေးတယ်။