စစ်ကောင်စီ စွပ်စွဲထားသည့်အမှုတွေအတွက် သူ့အမှာအပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားရုံးမှာ ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြည်သူတွေအတွက် ရဟတ်ယာဉ်၀ယ်တာ၊ ငှားရမ်းတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှုတွေနဲ့ ဦးမောင်ဝိတ် ငွေလှူတာနဲ့ ပတ်သက်တဲ့ အဂတိအမှုတွေကို စက်တင်ဘာ ၂၀ ရက်နေ့ နေပြည်တော် အချုပ်ထောင်၊ အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့တာပါ။
တရားရုံးနဲ့နီးစပ်သူတစ်ယောက်က “အဓိက ရဟတ်ယာဉ်က သက်သေ ဦးနေဝင်းကိုပဲ အဓိကစစ်တာ၊ ၂ မှုစစ်တာ။ မောင်ဝိတ်အမှုနဲ့ပတ်သက်ပြီး အန်တီ့ကို စစ်တယ်။ အန်တီကတော့ သူ့မှာ အပြစ်မရှိဘူးလို့ ထွက်ဆိုတာပေါ့။ လောလောဆယ်တော့ အန်တီက နေတော့နေကောင်းပါတယ်။ အဲဒီအမှုတွေက လျှောက်လဲချက်က ၂ပတ်၊ အောက်တိုဘာ ၄ ရက်နေ့ ပြန်ချိန်းတယ်။ အဲဒီမှာ အပြီးသတ်လျှောက်လဲချက်ပေးရမယ်။ ဒီကြားထဲမှာ မောင်ဝိတ်နဲ့ ပတ်သက်တာ စစ်စရာမရှိတော့ဘူး။" လို့ ပြောပါတယ်။
ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိမှုတွေထဲက ပုဒ်မ ၄၆ အတွက် လိုပြသက်သေအဖြစ် NLD အစိုးရလက်ထက် လူကယ်ပြန်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးနေဝင်းကို ဒီနေ့ရုံးချိန်းမှာ ဆက်လက်စစ်ဆေးခဲ့တာပါ။
ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကြုံတဲ့အခါမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ငွေလှူတာနဲ့ပတ်သက်တဲ့ အဂတိမှု ၂ခုမှာ စစ်ကောင်စီက တင်သွင်းထားတဲ့ လိုပြသက်သေနှစ်ယောက်ကို စက်တင်ဘာ ၁၉ ရက်နေ့ရုံးချိန်းမှာ တရားရုံးက ပယ်ချခဲ့ပြီး ဒီနေ့ရုံးချိန်းမှာ အတိုင်ပင်ခံကိုယ်တိုင် တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။
ဩဂုတ် ၁၃ ရက်၊ ဩဂုတ် ၁၆ ရက်၊ စက်တင်ဘာ ၅ ရက်နဲ့ ၁၂ ရက်နေ့ရုံးချိန်းတွေကို လိုပြသက်သေ ၂ ယောက်မလာခဲ့တဲ့အတွက် ဒီအမှုတွေနဲ့ပတ်သက်ပြီး ရုံးချိန်း ၄ ခုဆက်တိုက် တရားရုံးက စစ်ဆေးဖို့ ပျက်ကွက်ခဲ့တာကြောင့် လိုပြသက်သေတွေကို ပယ်ချခဲ့တာဖြစ်ပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဦးမောင်ဝိတ်ဆီကနေ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို နှစ်ခါခွဲပြီး လက်ခံခဲ့တယ်လို့ စွပ်စွဲပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၂ ခုနဲ့ တရားစွဲဆိုခဲ့တာပါ။ ဦးမောင်ဝိတ်ကတော့ ငွေကြေးတွေကို ပရဟိတအတွက် အလှူငွေပေးအပ်ခဲ့တာသာ ဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
ဒီအဂတိအမှု ၂ မှုအတွက် စစ်ကောင်စီတရားရုံးက အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲချက်တင်ကြောင်း ဇူလိုင် ၂၅ ရက်နေ့ရုံးချိန်းမှာ အမိန့်ချခဲ့ပါတယ်။ ဒီအဂတိနှစ်မှုကို ဇူလိုင် ၁၃ ရက်နေ့မှာ အတိုင်ပင်ခံရဲ့ရှေ့နေအဖွဲ့က တရားလွှတ်တော်ချုပ်မှာ ချေဖျက်ခွင့်တင်ခဲ့ပေမယ့် စစ်ကောင်စီတရားရုံးက ပယ်ချခဲ့ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိအမှု ၅မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ အဂတိအမှု ၂မှု၊ မစ္စတာရှောင်တာနယ်နဲ့ ပူးတွဲ စွဲဆိုခံထားရတဲ့ လျှို့ဝှက်ချက်အက်ဥပဒေအမှု ၁ မှု စုစုပေါင်း ၈ မှုကို ရင်ဆိုင်ဖို့ ကျန်နေပါသေးတယ်။
၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုစုစုပေါင်း ၁၉ မှုရှိခဲ့ပြီး အဲဒီအထဲက ၁၁ မှုအတွက် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ထားပါတယ်။