Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းများ ရပ်နားထားရ
DVB
·
September 16, 2022

နယ်စပ်ကုန်သွယ်ရေးမတည်ငြိမ်တာကြောင့် ပြည်တွင်းက ကွမ်းသီး အရောင်းအဝယ်ဈေးကွက်မှာ လည်း ဝယ်လိုအားမရှိဘဲ ကွမ်းသီးရောင်းဝယ်ရေး ရပ်နားထားရတယ်လို့ မွန်ပြည်နယ် ရေးမြို့နယ်က ကုန်သည်တွေက ပြောပါတယ်။

နယ်ကုန်သည်တယောက်က “ကွမ်းသီးအရောင်းအဝယ်က တပတ်လောက်ရှိပြီ၊ ပြည်တွင်းဘက်လည်း အဝယ်တွေရပ်ထားတယ်။ ဘဏ်ငွေလည်ပတ်စီးဆင်းတဲ့ ငွေထုတ်ရတာလည်း ခက်ခဲတော့ ကုန်သည်တွေမှာက ကွမ်းသီးလာရောင်းရင် ငွေစိုက်ပြီး ရှင်းပေးရတော့ အရောင်းအဝယ်လည်း မရှိတော့ လုပ်ငန်းပါ ရပ်နားထားရတယ်” လို့ ပြောပါတယ်။

အခု နယ်တွေဘက်မှာက နည်းနည်းပါးပါး ကြိုက်ရောင်းကြိုက်ဝယ်ပဲရှိပြီး ငွေရှိတဲ့သူက ရင်းနှီးမြှုပ်နှံ သိုလှောင်ထားကာ ဈေးအတက်ဘက်ကို စောင့်ပြီး ဝယ်လှောင်တဲ့သူလောက်ပဲ ရှိပါတယ်လို့ နယ်ကုန်သည်တယောက်က ထပ်ပြောပါတယ်။

ခြံသမားတယောက်က “အခုလို ကွမ်းသီးဒိုင်တွေ ပိတ်ထားတာ ရက်ရှည်ကြာလွန်းရင် မကောင်းဘူး။ ခြံကထွက်တဲ့ ကွမ်းသီးရောင်းမှ ငွေက ရမှာဆိုတော့ အခုက မရောင်းရဘူးဆို ငွေမရှိရင် လတ်တလော သုံးစွဲဖို့ မရှိပြန်ရင် စားဝတ်နေရေးမှာ အခက်အခဲတွေနဲ့ ကြုံရတယ်” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်အတွင်း ပြီးခဲ့တဲ့ရာသီက စံချိန်တင်ဈေး ကျပ် ၁၀,၀၀၀ ကျော်အထိ ရရှိရာကနေ ကျပ် ၅,၀၀၀ ကျော်အထိ ပြန်ကျဆင်းခဲ့ပါတယ်။

အခုရာသီမှာ ကျပ် ၈,၀၀၀ ကနေ ၉,၂၀၀ အထိဖြစ်ပေမဲ့ ကွမ်းသီးအဝင်လည်း မရှိသလို ရောင်းသူလည်းမရှိတော့ ဈေးက ကျပ် ၈,၀၀၀ အထိ ပြန်လည်ဆင်းသက်ပြီး ဒီနေ့အခြေအနေမှာ ကြိုက်ရောင်း ကြိုက်ဝယ်နဲ့သာ ရှိနေပါတယ်။

အခု မြန်မာငွေတန်ဖိုးတွေ ကျဆင်းလာတဲ့အတွက် ခြံရဲ့ကုန်ကျစရိတ်တွေနဲ့ဆို ကွမ်းသီးဈေး သိပ်မရရင် တွက်ခြေမကိုက်သလို အခု နယ်မြေတွေ မအေးချမ်းလို့ ခြံထွက်ပစ္စည်းတွေမှာ ပျောက်ဆုံးတာတွေလည်း ရှိတယ်လို့ ခြံသမားတယောက်က ပြောပါတယ်။

ရေးမြို့နယ်က ထွက်ရှိလာတဲ့ ကွမ်းသီးတွေကို ပြည်တွင်းသာမက အိန္ဒိယ၊  ဘင်္ဂလားဒေ့ရှ်၊ တရုတ်ဘက်အထိ တင်ပို့ရောင်းချရပြီး နှစ်စဉ် ကွမ်းသီးတင်ပို့မှု တန်ချိန် ၁ သိန်းနီးပါးလောက် ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024