တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာအနီး ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာ ဒီကနေ့ စက်တင်ဘာ ၁၂ ရက်၊ နေ့လယ် ၁၂ နာရီလောက်က ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလာတဲ့ကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန္ဒလဲကျေးရွာမှာ စခန်းချနေထိုင်တဲ့ ပျူစောထီးအဖွဲ့က အဖွဲ့ဝင် ၄ ဦးခန့်ဟာ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးကို သွားပြီးအပြန်မှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုခံရတာဖြစ်ပြီး ၂ ဦးကတော့ ပစ်ခံရတဲ့နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဘယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ လုပ်ဆောင်ခဲ့လဲဆိုတာကိုတော့ မသိရသေးပါဘူး။
အခုလိုတိုက်ခိုက်ခံရပြီး မိနစ် ၂၀ လောက်အကြာမှာတော့ ပစ်ခတ်ခံရတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို အရေးပေါ်လူနာတင်ကား ၄ စီးနဲ့ လာရောက်သယ်ယူသွားပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မိနစ် ၄၀ လောက် အကြာမှာတော့ ထားဝယ်မြို့ဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော် ကားငယ် ၄ စီးနဲ့ ပန္ဒလဲကျေးရွာကို ရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ ဖြတ်သန်းသွားလာခွင့် မပေးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ရွာခံတွေက ပြောပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်ညက ပန္ဒလဲကျေးရွာအတွင်း ကျေးရွာရပ်မိရပ်ဖ ၃ ဦးကို နေအိမ်တွေအထဲထိဝင်ရောက် ပစ်ခတ်တာကြောင့် ၂ ဦးသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် မေလ ၃ ရက်၊ နံနက် ၂နာရီခန့်မှာလည်း အသက် ၃၀ ခန့်ရှိ ပန္ဒလဲကျေးရွာသား ကိုသားကြီး ဆိုသူကို ထားဝယ်-လောင်းလုံးကားလမ်းမပေါ်မှာ လက်ပြန်ကြိုးတုပ် ပစ်ခတ်သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ထားဝယ်မြို့ကနေ ၇ မိုင်ခန့်အကွာ ပန္ဒလဲကျေးရွာမှာ စခန်းချနေထိုင်တဲ့ အဲဒီပျူစောထီးအဖွဲ့ဝင် ၁၅ ဦးခန့်ရဲ့ ရမ်းကားမှုကြောင့် အခုနှစ် မေလ အစောပိုင်းကတည်းက ပန္ဒလဲကျေးရွာ တရွာလုံးနီးပါ နေအိမ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး အခု စင်တင်ဘာလအထိ ကျေးရွာအတွင်း ပြန်လာနေထိုင်တဲ့ မိသားစု ၂၀ ဝန်းကျင်သာ ရှိတယ်လို့လည်း သိရပါတယ်။