Home
မြန်မာသတင်း
တာချီလိတ်တွင် ရေထပ်ကြီးနေ
DVB
·
September 12, 2022

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ တလအတွင်း တတိယအကြိမ်မြောက် ရေထပ်ကြီးနေပါတယ်။ 

မနေ့ညက မိုးအဆက်မပြတ်ရွာလို့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ချောင်းဘေးတလျှောက်က ပုံးထွန်၊ တာလော့၊ ပါလျံ၊ ဆန်ဆိုင်း (က)၊ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနဲ့ မဲခေါင် ရပ်ကွက်တို့နဲ့ အနိမ့်ပိုင်းရပ်ကွက်အချို့မှာပါ ရေတွေကြီးနေလို့  ရေထဲပိတ်မိတဲ့ ပြည်သူတွေအတွက် ထမင်းထုပ်နဲ့ သောက်ရေတွေ လိုက်လံဝေငှပေးနေတယ်လို့ တာချီလိတ် ဦးလှမိုး လူမှုကူညီရေး အသင်းဝင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ တွေ့တဲ့နေရာတွေတော့ ရေက မနက် ၈ ခွဲ ၉ နာရီလောက်မှာ စတက်လာပါတယ်ခင်ဗျ။ မယ်ဆိုင်ချောင်းဘေးရပ်ကွက်တွေ အကုန်လုံးနီးပါးပါပဲ။ အရင်တခေါက်တွေလောက်တော့ မဆိုးဘူး။ ကားကြီးတွေ ဖိုးဝှီးလ်တွေ သွားလို့ရသေးတယ်။ အခုညနေပိုင်း မိုးတိတ်သွားတော့ မတက်တော့ဘူး၊ ဒါပေမဲ့ ရေကျတာမရှိသေးဘူး။ မိုးမရွာရင်တော့ ကျသွားမှာပါ။ ရေထဲပိတ်မိလို့ စားရေး သောက်ရေး အခက်အခဲရှိတဲ့နေရာတွေကို ကျနော်တို့ ထမင်းထုပ် လိုက်ဝေပေးနေပါတယ်” လို့ ပြောပါတယ်။ 

ဆန်ဆိုင်း(ခ) ရပ်ကွက်နေ ပြည်သူတ‌ယောက်ကတော့ သူတို့ဆီမှာ မနက် ၆ နာရီလောက်ကစပြီး တရိပ်ရိပ် တက်လာတယ်လို့ ပြောပါတယ်။ 

“ကျနော်တို့အိမ်ကတော့ မနက် ၆ နာရီ ကတည်းက စတက်တယ်ခင်ဗျ။ တနာရီကို ၁ လက်မလောက် ဖြည်းဖြည်းတက်လာလို့ ပစ္စည်းတွေတော့ ပြောင်းရွှေ့ဖို့အချိန်ရပါတယ်။ အခု ဒူးဆစ်နားရောက်နေပြီ။ အရင်တခေါက်လောက်တော့ မဆိုးဘူးပေါ့။ အရင်တခါတော့ လှေစီးရတာပေါ့” လို့ ပြောပါတယ်။

နေပြည်တော် မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ ဒီကနေ့မနက် ၈ နာရီ မိနစ် ၃၀ တိုင်းထွာချက်တွေအရ မယ်ဆိုင်မြစ်ရေဟာ တာချီလိတ်မြို့ (လွယ်တော်ခမ်းရပ်ကွက်) မှာ ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေတဝက်ခန့် ကျော်လွန်ရောက်ရှိနေကြောင်း၊ မြစ်ရေဟာ နောက် ၁ ရက်အတွင်း ၂ ပေခန့် ဆက်ပြီးတက်လာနိုင်လို့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုဖို့ မိုးဇလညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။  

တာချီလိတ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့မှာ တကြိမ်၊ ဒီလ စက်တင်ဘာ ၅ ရက်မှာ တကြိမ်၊  အခု စက်တင်ဘာ ၁၂ ရက်မှာ တကြိမ်ရေကြီးတာကြောင့် ၁ လအတွင်း ရေကြီးတာ ၃ ကြိမ်ရှိသွားပြီ ဖြစ်ပြီး ပထမတကြိမ်က လူ ၁ ယောက် ကားနဲ့အတူ ရေထဲမျောပါ သေဆုံးသွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024