စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ညောင်ပင်ဝန်းကျေးရွာအနီးမှာ ချင်တွင်းမြစ်အတွင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီ မော်တော်နှစ်စီးကို ဒီနေ့ စက်တင်ဘာ ၈ ရက် မနက် ၁၀ နာရီကျော်လောက်က ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ညောင်ပင်ဝန်းကျေးရွာ ဒေသခံတွေက ပြောပါတယ်။
အဲဒီ စစ်ကောင်စီ စက်လှေနှစ်စီးဟာ ကနီမြို့ဆိပ်ကမ်းကနေ အောက်ဘက်ကို စုန်လာခဲ့တာလို့ ဆိုပါတယ်။
ညောင်ပင်ဝန်းရွာသားတယောက်က “ဖြစ်တာက ကျနော်တို့ရွာ အထက်ဘက် မင်းကုန်းရွာတည့်တည့်က မြစ်ကမ်းပေါ်ကနေ ပစ်နေကြတာ။ မော်တော်ကို ထိမှန်တာတွေလည်း ရှိလောက်တယ်။ ကျနော်တို့ ရွာကနေကြည့်တာဆိုတော့ ထိခိုက်တာတွေကိုတော့ သဲသဲကွဲကွဲ မမြင်ရဘူး။ အဲဒီလိုပစ်ခတ်ပြီး ကနီမြို့ဘက် ပြန်ဆန်တက်သွားတယ်” လို့ ပြောပါတယ်။
အခုတိုက်ပွဲမှာ ကျောက်လုံးကြီးတပ်မဟာအဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပစ်ခတ်ခဲ့တာလို့ ပြည်သူ့ကာကွယ်အဖွဲ့တွေဆီက သိရပါတယ်။
ကနီကျောက်လုံးကြီးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ ဖရဲသီးရဲ့ ကြိုတင်သတင်းပေးချက်အရ အခုလို ပစ်ခတ်ခဲ့တာ။ ထိချက်ကတော့ စစ်ကောင်စီတယောက်တော့ ခြေထောက်တဖက် ဖြတ်ပစ်ရမယ်လို့ အတွင်းသတင်း ရထားတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိထားရတယ်။ ကျနော်တို့က မြစ်ကမ်းပေါ်ကနေ ကြိုတင်ပစ်ခတ်ပြီး ဆုတ်ခွာနိုင်ခဲ့တာကြောင့် ဒဏ်ရာရထိခိုက်သူ မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒီနေ့ စက်တင်ဘာ ၈ ရက် မနက် ၂ နာရီက ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီမြန်မာ့စီးပွားရေးဘဏ်မှာ စစ်သားနဲ့ ရဲ ၁၅ ယောက်ဟာ အမြဲတမ်း ကင်းစောင့်တပ်စွဲထားတာ ကြာပြီလို့ သိရပါတယ်။
တန့်ဆည်ဒေသခံတယောက်က “ည ၂ နာရီအချိန် တိုက်ပွဲဖြစ်တာဆိုတော့ သေနတ်ပစ်သံတွေရော လူတွေ အော်သံတွေရော ဆူညံနေတာပဲ။ အဲလိုအသံတွေ ကြားရတော့ PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တယ်ဆိုတာ မပြောဘဲသိတယ်။ အပြင်တော့ ထွက်ပြီး သွားမကြည့်ရဲဘူး” လို့ ပြောပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားပြီး ဒီနေ့မနက်ခင်းကစလို့ စစ်ကောင်စီက မြို့ပေါ်အဝင်အထွက်တွေမှာ လုံခြုံရေး တင်းကျပ်နေပြီး ရပ်ကွက်အတွင်းမှာလည်း အရပ်ဝတ်တွေဝတ်ပြီး စစ်ကောင်စီက စုံစမ်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန့်ဆည်ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “တိုက်ပွဲဖြစ်တာတော့ ဟုတ်ပါတယ်ဗျ။ ကျနော်တို့အဖွဲ့နဲ့ ဖြစ်တာတော့ မဟုတ်ဘူး။ ကျနော်တို့ စုံစမ်းသိရသလောက်တော့ ရွှေဘိုခရိုင် တပ်ရင်း-၆ နဲ့ တပ်ရင်း-၇ က ဝင်ပစ်တာလို့တော့ သိထားတယ်” လို့ ပြောပါတယ်။
အခုတိုက်ပွဲမှာ နှစ်ဖက် အကျအဆုံး အထိအခိုက်စာရင်းကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူ။
တန့်ဆည်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်တွေပါ သိမ်းယူနိုင်ခဲ့တဲ့ တိုက်ပွဲတွေလည်း အရင်လတွေက ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။