စစ်ကောင်စီ အဓိကအခြေစိုက်ရာ နေပြည်တော်မှာ လုံခြုံရေးကို အဓိက တင်းကျပ်ထားပေမဲ့လည်း လုယက်မှုတွေကတော့ နေ့ခင်းဘက်တွေမှာတောင် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
နေပြည်တော် အဝင်အထွက်ဂိတ်တွေ၊ လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးရေးဂိတ်တွေ၊ လုံခြုံရေးတွေ အမြဲမပြတ် ရှိနေတတ်ပေမဲ့ လူအသွားအလာနည်းတဲ့ လမ်းတွေမှာတော့ လုယက်မှုတွေက တိုးလာတာပါ။
အထူးသဖြင့် အမျိုးသမီးတယောက်တည်း ဆိုင်ကယ်စီးလာပါက လုယက်သူတွေအတွက် ပိုပြီး မျက်စိကျစရာ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းက လုယက်မှုနဲ့ ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတယောက်က “အမတို့က ကားနဲ့နော်။ အဲ့ဒီနားက လူနည်းနည်းပြတ်လေ့တော့ရှိတယ်။ ဒါပေမဲ့ ပုံမှန်သွားနေကျ။ တခါမှလည်း ဒီလိုမဖြစ်ဘူးလေ။ အဲ့ဒီနေ့က ဘေးနားက ဆိုင်ကယ်နှစ်စီးနဲ့ လိုက်လာပြီး ကားမှန်တွေကို လိုက်ရိုက်ခွဲတာ။ တုတ်ေတွနဲ့။ ပါးစပ်ကလည်း ဘာတွေအော်နေမှန်း မသိဘူး၊ အော်ပြီးလိုက်ရိုက်တာ၊ အမြန်မောင်းပြေးခဲ့ရတယ်” လို့ ပြောပါတယ်။
နေပြည်တော်မှာ လုယက်မှုတွေ ဖြစ်ပွားလေ့ရှိရာမှာ လူအပြတ်များတဲ့ ဟိုတယ်ဇုန်အတွင်းက Junction အနောက်ဘက်လမ်းတွေနဲ့ သံတမန်ဇုန်အတွင်းက လမ်းတွေမှာ အဖြစ်များလေ့ ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ ရာဇသင်္ဂဟ လမ်းမကြီးပေါ်တွေမှာပါ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
ဝန်ထမ်းအမျိုးသမီးတယောက်က “ညီမတုန်းက မိုးတွေလည်းရွာနေတော့ ဆိုင်ကယ်ဖြည်းဖြည်းပဲ စီးလာတာ။ အလုပ်ကနေ အိမ်ပြန်လာတာပေါ့၊ ညနေပိုင်း။ ဘေးနားကနေ ဆိုင်ကယ်နဲ့ အနားကပ်လာပြီး လွယ်အိတ်ကို ဆွဲလုသွားတာ။ အိတ်နဲ့ ပိုက်ဆံနည်းနည်း ပါသွားတယ်” လို့ ပြောပါတယ်။
နေပြည်တော်မှာ လုယက်မှုတွေ ဖြစ်ပွားနေရာမှာ အခု စက်တင်ဘာ ၁ ရက်ကနေ ၇ ရက် အတွင်းမှာပဲ လုယက်မှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့လည်း နေပြည်တော်အတွင်း နေထိုင်သူတချို့က ဆိုပါတယ်။