စက်သုံးဆီကဏ္ဍထဲကို ဒေါ်လာသန်း ၂၀၀ ထည့်သွင်းပေးပြီး ရုရှားနိုင်ငံက ဝယ်ယူထားတဲ့ စက်သုံးဆီတွေ မကြာခင်ရက်ပိုင်းအတွင်း ဝင်ရောက်လာတော့မယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပေမဲ့ ပြည်တွင်းစက်သုံးဆီစျေးတွေ ပြန်လည် မြင့်တက်လာနေပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီစျေး ကျဆင်းဖို့အတွက် နိုင်ငံခြားငွေကြေး ဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ချထားပေးမယ်လို့ သြဂုတ် ၃၁ ရက် ညနေပိုင်းက ကြေညာခဲ့ပါတယ်။ အဲဒီလိုကြေညာပြီး နောက်ရက်မှာ ကမ္ဘာရေနံဈေး ကျဆင်းမှုနဲ့အတူ ပြည်တွင်း စက်သုံးဆီ ရည်ညွှန်းစျေးတွေလည်း ပြန်လည်ကျဆင်းခဲ့ပါတယ်။
စက်တင်ဘာ ၁ ရက်ကနေ ၂ ရက်အတွင်း ဓာတ်ဆီတလီတာကို ကျပ် ၃၀၀ ကျော်၊ ဒီဇယ် တလီတာကို ကျပ် ၂၀၀ ကျော် ပြန်ကျဆင်းခဲ့ပါတယ်။ အဲဒီနောက် စက်တင်ဘာ ၃ ရက်က စတင်ပြီး တရိပ်ရိပ် ပြန်လည်မြင့်တက်လာခဲ့တာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်က ရန်ကုန်မြို့အတွင်း ဖြစ်ခဲ့တဲ့ စက်သုံးဆီစျေးနှုန်းတွေက အောက်တိန်း ၉၂ တလီတာကို ၂,၂၉၀ ကျပ်၊ ၉၅ တလီတာကို ၂,၃၅၅ ကျပ်၊ ဒီဇယ် တလီတာကို ၃,၀၀၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာကို ၃,၀၈၅ ကျပ်ဖြစ်ပြီး ဒီနေ့ စက်တင်ဘာ ၇ ရက်နေ့မှာတော့ အောက်တိန်း ၉၂ တလီတာကို ၂,၄၅၀ ကျပ်၊ ၉၅ တလီတာကို ၂,၅၆၀ ကျပ်၊ ဒီဇယ် တလီတာကို ၃,၀၈၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာကို ၃,၁၇၀ ကျပ်ထိ ပြန်လည် ရောက်ရှိလာပါတယ်။
စက်သုံးဆီကဏ္ဍအတွက် စစ်ေကာင်စီ ဗဟိုဘဏ်က ဒေါ်လာသန်း ၂၀၀ ချပေးခဲ့ပေမဲ့ အဲဒီပမာဏက လုံလောက်တဲ့ပမာဏ မဟုတ်လို့ ေရရှည် အလုပ်မဖြစ်နိုင်ဘူးလို့ ပြည်တွင်းစက်သုံးဆီလုပ်ငန်း လုပ်ကိုင်သူတွေက မှတ်ချက်ပြုထားကြတာပါ။
စစ်ကောင်စီဟာ ရှရှားနိုင်ငံကနေ စက်သုံးဆီ ဝယ်ယူတင်သွင်းဖို့ကိုလည်း စီမံနေတာဖြစ်ပြီး အဲဒီနိုင်ငံက ဝယ်ယူထားတဲ့ စက်သုံးဆီ တန်ချိန် ၃၀,၀၀၀ ဟာ မကြာမီရက်ပိုင်းအတွင်း ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာမယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။
အဲဒီ ရုရှားနိုင်ငံက ဝယ်ယူထားတဲ့ စက်သုံးဆီတွေ ဝင်ရောက်လာရင် ပြည်တွင်းစက်သုံးဆီစျေးတွေ အတိုင်းအတာတခုအထိ ကျဆင်းသွားနိုင်တယ်လို့ သူကဆိုထားပြီး စက်သုံးဆီ ရေရှည်ရရှိရေးကိုလည်း ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ မီဒီယာတချို့ကို ပြောကြားထားပါတယ်။