Home
မြန်မာသတင်း
ကနီမြို့နယ်တွင် စိတ်‌ဝေဒနာသည်တဦးကို စစ်ကောင်စီတပ်က အဓမ္မပြုကျင့်
DVB
·
September 6, 2022

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း စိတ်ဝေဒနာသည် အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာမှာ စစ်ကောင်စီက ရွာသူအများစုကို ဖမ်းဆီးပြီး အဓမ္မပြုကျင့်ခံရသူ ၇ ယောက် အထိ ရှိတယ်လို့လည်း လူမှုကွန်ရက်မှာ သတင်းတွေပျံ့နှံ့နေတာပါ။

အဓမ္မပြုကျင့်ခံရသူ နေထိုင်ရာ ရွာခံတယောက်လည်းဖြစ်သလို မြို့နယ်ပကဖ တာဝန်ရှိသူ တယောက်ကတော့ “အဓမ္မပြုကျင့်ခံရတာက စိတ်ဝေဒနာသည် အမျိုးသမီးတယောက်တည်းပါဗျ။ လိုအပ်တဲ့ ဆေးစစ်ချက်တွေလည်း စစ်ဆေးထားပါတယ်။ စစ်ဆေးတာလည်း ကျွမ်းကျင်တဲ့ CDM ဆရာဝန်ကြီးတွေနဲ့ စစ်ဆေးထားတာပါ။ အဓမ္မပြုကျင့်ခံရတာ လုံးဝသေချာတယ်ပါတယ်ဗျ။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကတော့ သတင်းအမှားပဲ ဖြစ်ဖို့များပါမယ်။ နောက်တခုက အဲလို တင်ထားသူကလည်း ဘယ်လိုအချက်အလက်တွေနဲ့သတင်းရပြီး ဘယ်လို အတည်ပြုချက် ရယူထားတယ်တော့ မသိဘူး။ ကျနော်တို့ ရထားတဲ့ အချက်အလက်ကတော့ စိတ်ဝေဒနာသည် တယောက်တည်း အဓမ္မပြုကျင့်ခံရတယ်။ နောက်ထပ်အဓမ္မအပြုခံရတယ်ဆိုတဲ့ ဒေသခံတွေကတော့ ကျနော်တို့ ရပ်ကျေးတာဝန်ရှိသူ ပကဖ၊ ပလဖ အဖွဲ့တွေဆီ ချိတ်ဆက်လာတာမျိုး တိုင်ကြားလာတာမျိုး မရှိသေးဘူး” လို့ပြောပါတယ်။

အဲဒီကျေးရွာကို ဩဂုတ် ၂၇ ရက်နဲ့ ဩဂုတ် ၂၈ ရက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲခဲ့ပြီး စိတ်ဝေဒနာရှင်အပါဝင်‌ ဒေသခံ ၆ ယောက်ကို စစ်ကောင်စီတပ်က အဓမ္မပြုကျင့်တယ်လို့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေသလို‌ အဲဒီတပ်ရဲ့ စစ်အင်္ကျီအပါဝင် စစ်သားစာရင်းပါတဲ့ ကင်းစောင့်တာဝန်ချ စာရွက်အပိုင်းအစကို တွေ့ရှိထားတယ်လို့လည်း ဒေသခံတွက ပြောပါတယ်။

စစ်ကောင်စီရဲ့ မတရားပြုလုပ်မှုတွေကို ကနီပကဖအဖွဲ့အနေနဲ့ မှတ်တမ်းအဖြစ် ရယူထားပြီး မိမိတို့ အစိုးရ တနိုင်ငံလုံး အာဏာလွှမ်းမိုးလာနိုင်တဲ့အခါ အခုလို ပြုလုပ်သွားသူတွေကို ထိထိရောက်ရောက် တရားစွဲသွားမယ်လို့လည်း ကနီ ပကဖ တာဝန်ရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ-ဒေသခံပေးပို့

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024