ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ မဲသမာမှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်တဲ့အပေါ် ဥရောပသမဂ္ဂ (အီးယူ)က စက်တင်ဘာ ၄ ရက်မှာ ရှုတ်ချလိုက်ပါတယ်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားမျှတမှုမရှိတဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ထပ်တိုး ပြစ်ဒဏ်ကို အီးယူရဲ့ အဆင့်မြင့် သံတမန်တစ်ယောက်ဖြစ်တဲ့ Josep Borrell က အီးယူအနေနဲ့ ရှုတ်ချလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် စွဲချက် ၁၁ ခုအတွက် ထောင်ဒဏ် အနှစ် ၂၀ ကျခံထားရသလို နောက်ထပ်လည်း စွဲဆိုထားတဲ့အမှုတွေ ကျန်နေပါသေးတယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ အီးယူအနေနဲ့ တောင်းဆိုတယ်လို့လည်း ဆိုထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောင်ဒဏ် ၃ နှစ် ထပ်တိုး ချမှတ်လိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သလို စစ်ကောင်စီကို ဖိအားတွေ ထပ်ပေးဖို့ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။