စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အောင်သာယာကုန်းထိပ်အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်တွေက စက်တင်ဘာ ၁ ရက် မနက် ၇ နာရီခွဲလောက်က တကြိမ်နဲ့ ၈ နာရီလောက်မှာ တကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ယောက်ထက်မနည်း သေဆုံး ထိခိုက်ဒဏ်ရာရသွားတယ်လို့ Special.9-HPDF အဖွဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ပထမတခါ အောင်သာယာထိပ်မရောက်ခင် ကုန်းထိပ်မှာ မိုင်း ၂ လုံး ဆွဲလိုက်တယ်။ နောက် အင်အား ၁၀၀ လောက်ရှိတဲ့အဖွဲ့ ထပ်တက်လာတာမှာ သူတို့ ကုန်းထိပ်ရောက်တဲ့အချိန်မှာ ရှေ့ထွက်မိုင်းနဲ့ ဆွဲလိုက်တယ်။ အခု အဲ့ဒီစစ်ကြောင်း ရှေ့ဆက်မတိုးနိုင်ဘဲ နောက်ပြန်ဆုတ်နေတယ်။”
စစ်ကောင်စီဘက်က ၁၀ ယောက်ခန့်သေဆုံးပြီး ၆ ယောက်ခန့် ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ မြေပြင် တိုက်ခိုက်ရေးရဲဘော်တွေက ခန့်မှန်းပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်ကလည်း နီကယ်စက်ရုံဘက်ကနေ မောင်းကုန်ဘက်ကို ကင်းလှည့်လာတဲ့ စစ်ကားကို Special.9-HPDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ Special.9-HPDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။