Home
မြန်မာသတင်း
ထားဝယ်မြို့ ကညနရုံး ပစ်ခတ်ခံရ
DVB
·
August 30, 2022

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ်၊ အမှတ် ၄ လမ်းမှာရှိတဲ့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားဦးစီးဌာန(ကညန) ဦးစီးမှူးရုံး ဒီနေ့မွန်းတည့် ၁၂ နာရီလောက်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

ပြည်သူတွေ ထိခိုက်မှုမရှိအောင် ကညနဦးစီးမှူးရုံးခန်းကိုပဲ သေနတ်နဲ့ ၁၇ ချက်လောက် ဦးတည်ပစ်ခတ်ခဲ့တာလို့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ Guerrilla Dawei တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

“ကျနော်တို့က စစ်ကောင်စီဒေါက်တိုက်တွေကို ရတဲ့နည်းနဲ့ ဖြိုဖျက်နေမှာပဲ။ ပြည်သူတွေအနေနဲ့ ကျနော်တို့ကို တကယ်ကူညီချင်ရင် စစ်ကောင်စီလက်အောက်ခံ ရုံးတွေကို လည်ပတ်အောင် မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျနော်တို့ စစ်ကောင်စီလက်အောက်ခံ ရုံးတွေကို တိုက်ခိုက်တဲ့အချိန် ပြည်သူလူထုတွေ မတော်တဆ ထိခိုက်တာမျိုးတွေဖြစ်ရင် ကျနော်တို့အတွက်လည်း မကောင်းသလို ကျနော်တို့ စိတ်ပါထိခိုက်ဝမ်းနည်းရတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီလက်အောက်ခံ ရုံးတွေကိုမသွားကြဖို့ မပတ်သက်ကြဖို့ အနူးအညွတ်တောင်းပန်ပါတယ်။” 

ကညန ရုံးအနီး မြို့နယ် လ.ဝ.က ရုံးရှေ့မှာလည်း အသက် ၆၀ အရွယ် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်ဟောင်း ဦးညွှန့်ရွှေကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဦးညွှန့်ရွှေဟာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ပတ်သက်တာ၊ ရဲစခန်းကို ဝင်ထွက်သွားလာနေတာတွေရှိပြီး တရားရုံးတွေမှာလည်း အခကြေးငွေယူကာ သက်သေအတု လုပ်ပေးတာ၊ အာမခံပေးတာတွေနဲ့ လဝက ရုံးမှာလည်း ပွဲစားလုပ်နေတဲ့အပြင် စစ်ကောင်စီ သတင်းပေးပါ လုပ်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

မြို့ခံတွေကတော့ ဦးညွန့်ရွှေဟာ ပစ်ခတ်ခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားပြီလို့ ပြောကြပေမယ့် ဒီဗွီဘီ အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

အဲဒီလို ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထားဝယ်မြို့ အဝင်အထွက်ဂိတ်တွေနဲ့ မြို့အတွင်း လမ်းဆုံလမ်းခွတွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့လည်း စစ်ဆေးခံခဲ့ရတဲ့ ထားဝယ်မြို့နေ လူငယ်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့) ကလည်း ထားဝယ်မြို့၊ အာဇာနည်ဗိမာန်မှာ ကင်းပုန်းဝတ်ပြီး လာရောက်စောင့်ကြည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့ Guerrilla Dawei က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024