တောင်ကိုရီးယား နစ်မြုပ်သင်္ဘော၊ သေဆုံးသူ ၆၄ ဦး ရှိပြီ

တောင်ကိုရီးယား နစ်မြုပ်သင်္ဘောကနေ အလောင်းတွေကို ဒီနေ့မနက်မှာ ထပ်ရခဲ့လို့ သေဆုံးသူအရေအတွက်ဟာ ၆၄ ဦးထိ ရှိပြီလို့ တောင်ကိုရီးယားကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။

unnamedဂျင်းဒိုမြို့က ပင်းမို့ဆိပ်ကမ်း ကို ဒေသစံတော်ချိန် မနက် ၉ နာရီခွဲက အမျိုးသမီးအလောင်း ၂ လောင်းရောက်လာတယ်လို့ ကမ်းရိုးတန်းစောင့်တပ် က ပြောပါတယ်။

အဲဒီနေရာမှာ စောင့်နေတဲ့ မိသားစုဝင် အယောက် ၂၀ လောက်ကိုလည်း ဆယ်ယူရရှိတဲ့ အလောင်းတွေ ဘယ်သူဘယ်ဝါဆိုတာ စစ်ဆေးဖို့ ပြသနေပါတယ်။

သင်္ဘောဟာ ခရီးသည်နဲ့ အမှုထမ်း ၄၇၆ ယောက်ကို တင်ဆောင်ပြီး ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က ရေငြိမ်နေတုန်း အင်ချုံမြို့ကနေ ဂျဲဂျုကျွန်းကို မောင်းခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောမမှောက်ခင်က သင်္ဘောကပ္ပတိန်ဟာ တခါမှ သင်္ဘောမမောင်းဖူးသေးတဲ့ တတိယအဆင့် ၀န်ထမ်းတယောက်ကို ပဲ့ကိုင်ခိုင်းခဲ့လို့ သင်္ဘောက နဂိုလမ်းကြောင်းကနေ ကွေ့ခဲ့တယ်လို့ သင်္ဘောသားတွေက ဆိုပါတယ်။

မှတ်တမ်းမှတ်ရာတွေအရ အခင်းဖြစ်ချိန်မှာ ခရီးသည်တွေ အားလုံးအတွက် အသက်ကယ်လှေ မလုံလောက်ခဲ့လို့ သင်္ဘောပေါ်က ၀န်ထမ်းတွေက စိုးရိမ်ခဲ့ကြောင်း သိရပါတယ်။

မျက်မြင်သက်သေတွေကတော့ သင်္ဘောကပ္ပတိန်နဲ့ တချို့သင်္ဘောသားတွေက ခရီးသည်တွေအရင် အသက်ကယ်လှေတွေကို ယူခဲ့ကြတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ချိန် မနက် ၉ နာရီမခွဲခင်က ထိန်းချုပ်ခန်းက လူတွေဟာ ခရီးသည်တွေကို ဘယ်လို အကောင်းဆုံးကယ်မလဲဆိုတာကို ဆုံးဖြတ်ဖို့ အသက် ၆၉ နှစ်အရွယ်ရှိ သင်္ဘောကပ္ပတိန် လီဂျွန်ဆွခ်ကို ပြောခဲ့တယ်လို့ မှတ်တမ်းမှတ်ရာတွေက ဆိုပါတယ်။

သင်္ဘောကပ္ပတိန်ကတော့ ခရီးသည်တွေ ပင်လယ်ထဲ ခုန်ချခဲ့ရင် ပြင်းထန်တဲ့လှိုင်းတွေက အဝေးကို သယ်သွားမှာ စိုးရိမ်တယ်လို့ အစောပိုင်းက ပြောခဲ့ပေမယ့် သူ ဘာကြောင့် သင်္ဘောကို စွန့်ခွာတယ်ဆိုတာကိုတော့ မရှင်းပြခဲ့ပါဘူး။

တောင်ကိုရီးယား တရားသူကြီးတွေကတော့  လူအယောက် ၃၀၀ ကျော် သေဆုံးနိုင်ချေရှိတဲ့ ဒီမတော်တဆမှု ဖြစ်ရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒါကြောင့် သူတို့က သင်္ဘောကပ္ပတိန်နဲ့ တခြားသင်္ဘောသား ၂ ယောက်ကို အချုပ်ခန်းထဲမှာ ဆက်ပြီး ထိန်းသိမ်းထားချင်ကြပါတယ်။

အခု လက်ရှိမှာတော့ ခရီးသည် အယောက် ၂၀၀ ကျော် ပျောက်ဆုံးနေပါတယ်။ တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်ကတော့ နစ်မြုပ်သင်္ဘောထဲက အလောင်းတွေကိုရှာဖို့ အမေရိကန်မောင်းသူမဲ့ ရေအောက်သွားယာဉ် ၂ စီးကို သုံးမယ်လို့ ဒီနေ့ ပြောပါတယ်။

ပြင်းထန်တဲ့ ဒီရေကြောင့် ရှာဖွေမှုတွေကို ပြီးခဲ့တဲ့ညက မလုပ်နိုင်ခဲ့ပါဘူး။ တောင်ကိုရီးယား အစိုးရကတော့ ထောက်ပံ့မှုတွေ ပိုအရှိန်မြှင့်နိုင်အောင် နစ်မြုပ်သင်္ဘောရှိရာ နေရာနဲ့ဆက်စပ်တဲ့ ဂျင်းဒိုနဲ့ အန်ဆန် ၂ နေရာကို အထူးကပ်ဘေးဒေသအဖြစ် သတ်မှတ်ခဲ့ပါတယ်။

တောင်ကိုရီးယား ပင်လယ်နဲ့ ငါးလုပ်ငန်းဝန်ကြီးဌာန ပြောခွင့်ရက လိုအပ်ချက်တွေ အတွက် အသုံးစရိတ်တွေကို ထုတ်သုံးမယ်၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့ အသုံးစရိတ် ထပ်တောင်းမယ်လို့ ပြောပါတယ်။

သင်္ဘောပေါ်မှာ ပါသူ ခရီးသည် ၃၃၉ ယောက်ကတော့ လေ့လာရေးခရီး ထွက်လာတဲ့ အထက်တန်းကျောင်းက ကလေးတွေနဲ့ ဆရာတွေ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up