တနင်္သာရီတိုင်း၊ ထားဝယ်-ရေးကားလမ်းမှာ ခရီးသွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းနောက်ကနေ ကပ်မလိုက်ဖို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF က သြဂုတ် ၂၅ ရက်မှာ သတိပေး ထုတ်ပြန်ထားပါတယ်။
သြဂုတ် ၂၅ ရက် နေ့လယ် ၁၂ နာရီလောက်က ရေဖြူဘက်ကနေ ထားဝယ်ကို ဦးတည်လာတဲ့ ကား ၃ စီးပါ စစ်ယာဉ်တန်းကို မောင်မယ်ရှောင်ရွာနားမှာ DGRF က မိုင်းဆွဲတိုက်ခိုက်ချိန် ယာဉ်တန်းနဲ့အတူ ကပ်လိုက်လာတဲ့ ဆိုင်ကယ်စီး အမျိုးသားတယောက် ထိမှန်ခဲ့လို့ ထားဝယ်ဆေးရုံကြီးကို ပို့လိုက်ရတယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF တပ်ဖွဲ့ဝင်က ပြောပါတယ်။
မိုင်းစထိမှန်ခဲ့တဲ့ အမျိုးသားဟာ ထားဝယ်မြို့၊ ဝဲကျွန်းရပ်နေသူဖြစ်ပါတယ်။ DGRF အနေနဲ့ စစ်ယာဉ်တန်းတွေကို အခွင့်အရေး ရရင်ရသလို တိုက်ခိုက်နေတာဖြစ်ပေမဲ့ လူထုအနေနဲ့ စစ်ယာဉ်တန်းနဲ့ ပူးတွဲ လိုက်ပါလာတဲ့အခါ စစ်ဆင်ရေးတွေ ဖျက်သိမ်းခဲ့ရတဲ့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။
ထားဝယ် - ရေးကားလမ်းပိုင်းမှာ စစ်ယာဉ်တန်းတွေဟာ ဇူလိုင် ၂၉ ရက်ကစပြီး ဆက်တိုက် ဆိုသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲ တိုက်ခိုက်ခံနေရတယ်လို့ ထားဝယ် ပကဖ အဖွဲ့ထံကနေ သိရပါတယ်။