Home
မြန်မာသတင်း
ကျွန်းလှမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်
DVB
·
August 26, 2022

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနောက်ခြမ်းက ကျေးရွာတချို့ကို ဩဂုတ် ၂၅ ရက် ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ်က လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

သဖန်းဆိပ်ကျေးရွာ အနောက်ခြမ်းက ဆိပ်ဖူး၊ ရှမ်းကုန်း၊ သိုက်ပင်ဆိပ်နဲ့ တယ်ပင်ဆိပ်အနီးမှာ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စင်းနဲ့ လာရောက်ပစ်ခတ်ခဲ့သလို Mi 17 ထောက်ပို့ရဟတ်ယာဉ် ၂ စင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လာချသွားတယ်လို့ ဆိုပါတယ်။

“ရွာတွေဘက်ကို ရဟတ်ယာဉ်နဲ့ အကြောင်းမဲ့လာပစ်တာဗျ။ နောက်ပြီး ခေါက်တုံ့ခေါက်ပြန်နဲ့ ရဟတ်ယာဉ်နဲ့သယ်ပြီး စစ်တပ်က လူလာချတယ်။ အခု တယ်ပင်ဆိပ်ရွာထဲမှာ သူတို့ တပ်စွဲထားတာ၊ ရွာကလူတွေလည်း အကုန်ပြေးရတယ်။ ပိတ်မိတဲ့လူတွေလည်း ရှိနေတယ်။”

တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်စဉ် မြေပြင်ကထွက်ပြေးကြတဲ့ ကျေးရွာနေ ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံပစ်ခတ်ရာ တယ်ပင်ဆိပ်ကျေးရွာက ကျေးရွာသားတယောက် ကျည်ထိမှန်သေဆုံးခဲ့ပြီး နှစ်ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်နဲ့ လူအင်အားကို လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ ဖြည့်တင်းနေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၃ ရက်ကလည်း ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်အစပ်မှာ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi 35 ၂ စင်း အပါအဝင် Yak 130 အမျိုးအစား ဂျက်တိုက်လေယာဉ် ၁ စင်းနဲ့ လာရောက်ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024