ယူကရိန်းအရေး ၄ ပွင့်ဆိုင်ဆွေးနွေးပွဲက အကြမ်းဖက်မှုတွေ ရပ်တန့်ရန် တောင်းဆို

အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ယူကရိန်းနဲ့ အီးယူတို့ရဲ့ အဆင့်မြင့်အရာရှိတွေ တက်ရောက်တဲ့ ယူကရိန်းအရေး ၄ ပွင့်ဆိုင်ဆွေးနွေးပွဲက အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီလအစောပိုင်းကစလို့ ယူကရိန်းနိုင်ငံအရှေု့ပိုင်း မြို့တော်တော်များများမှာ ရုရှားလိုလားတဲ့ အုပ်စုတွေက အစိုးရအဆောက်အဦတွေကို သိမ်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့် ရုရှားနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ထူထောင်နိုင်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ တောင်းဆိုချိန်မှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ Ukraine အစည်းအဝေးတက်ရောက်တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက တရားမ၀င်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံး အစိုးရအဆောက်အဦတွေကို တရားမ၀င် သိမ်းထားတာတွေကို တရားဝင်တဲ့ ပိုင်ရှင်တွေ လက်ထဲကို ပြန်အပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ “ယူကရိန်း နိုင်ငံတ၀ှမ်းလုံးမှာ သိမ်းထားတဲ့လမ်းတွေ၊ ရင်ပြင်တွေ၊ အစိုးရ အဆောက်အအုံတွေ အားလုံးကို ပြန်အပ်လိုက်ကြပါ၊ ပြစ်မှုကြီးတွေ ကျူးလွန်တာ မရှိရင် ဆန္ဒပြသမားတွေ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါမယ်” လို့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီးမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်ကို ဖတ်ကြားပါတယ်။ ဒီလို ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် ရုရှားက ယူကရိန်းအပိုင် ကရိုင်းမီးယားဒေသကို ကျူးကျော်ခဲ့တာနဲ့ ပတ်သက်လို့၊ ခရိုင်းမီးယားဒေသရဲ့ အဆင့်နေရာကို သတ်မှတ်ရေးမှာ ရုရှားနဲ့ သဘောကွဲလွဲနေတယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကက်သရင်း အက်ရှ်တန်တို့က ပြောပါတယ်။ အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဘာရတ် အိုဘားမားကလည်း ဂျီနီဗာဆွေးနွေးပွဲဟာ အလားအလာ ကောင်းပေမယ့် ရုရှားဘက်က တိုးတက်မှု မပြရင် အမေရိကန်အစိုးရနဲ့ အီးယူတို့ဘက်က ဒဏ်ခတ်ပိတ်ဆို့ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ “ယူကရိန်းနိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသမှာ ပေါ်ပေါက်နေတဲ့ မငြိမ်သက်မှုတွေဟာ ရုရှားရဲ့ ခြေရာလက်ရာတွေ ပါနေတယ်ဆိုတာကို နိုင်ငံတကာအသိုင်းအ၀ိုင်းက အများစု တွေး နေကြတယ်။ ရုရှားအနေနဲ့ တခြားလမ်းကို ရွေးချယ်ပါ”လို့ သမ္မတ အိုဘားမားက တိုက်တွန်းလိုက်ပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရအနေနဲ့ စစ်ရေးနည်းလမ်းကိုတော့ ရွေးချယ်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ယူကရိန်းကို ဘဏ္ဍာငွေ ထောက်ပံ့ဖို့နဲ့ ရုရှားကို သံတမန်ရေးနည်းလမ်းနဲ့ ဖိအားပေး သွားမယ်လို့ ပြောပါတယ်။ ကရိုင်းမီးယားဒေသမှာ ရုရှားတပ်တွေ ကျူးကျော်ထားပြီး ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေ ချထားပေမယ့် နေတိုးစစ်မဟာမိတ်အဖွဲ့ကလည်း နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ ယူကရိန်းအရေးမှာ စစ်ရေးအရ ကြားဝင်ဆောင်ရွက်ဖို့ အစီအစဉ်မရှိဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဧပြီ ၁၇ ရက်နေ့မှာတော့ ခွဲထွက်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်နေတဲ့ ဒန်ညက် မြို့မှာ ယူကရိန်းမျိုးချစ် ၂ ထောင်လောက်ကလည်း လမ်းပေါ်ထွက်လာကြပြီး ခွဲထွက်ရေး လှုပ်ရှားမှုတွေကို လက်မခံနိုင်တဲ့အကြောင်း ပြသခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up