Home
ဆောင်းပါး
စစ်အာဏာရှင်ရဲ့ နောက်ဆုံးဆေးမြီးတို
DVB
·
August 19, 2022

စားဆီမရှိတာနဲ့စာရင် လောင်စာဆီမရှိရင် အစိုးရတရပ် ပြုတ်ကျသွားနိုင်မလား။ ပြည်တွင်းမှာသုံးဖို့ လောင်စာဆီက တနေ့ပြီးတနေ့ ကြီးထွားလာတဲ့ ပြဿနာတခု၊ အဲဒါက ပေါက်ကွဲထွက်လာနိုင်တဲ့ စနက်တံ၊ မီးလောင်နေတဲ့ ဗုံးကြီးတခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါပြီ။ ဘယ်နေ့ပေါက်ကွဲမလဲ၊ ဘယ်နေ့ပေါက်ကွဲမလဲ ဆိုတာက စစ်ကောင်စီအတွက် ကြီးမားတဲ့ နိဂုံးတခု ဖြစ်လာနိုင်ပါတယ်။

အဲဒီအတွက် စစ်ကောင်စီကလည်း ပြင်ထားပါတယ်။ ဘာတွေပြင်ထားသလဲဆိုရင် ပထမဆုံး လောင်စာဆီကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီး၊ အဲ့ဒီလူအုပ်ကြီးကိုလည်း ပြည်တွင်းက ဆီဆိုင်တွေနဲ့ ရန်တိုက်ထားပေးပြီးသားပဲ။

အဲဒီလူအုပ်ကြီးတွေက ရန်ကုန်၊ မန္တလေးနဲ့ နယ်မြို့ကြီးတွေမှာ ပေါ်လာနိုင်ပါတယ်။ ဆီဆိုင်တွေကို ဆန္ဒပြတာ၊ အော်ဟစ်ဆဲဆိုတာ၊ ဝင်ရောက်အကြမ်းဖက်တာ၊ ဆိုင်တွေကို မီးရှို့တာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ အဲဒီအဆင့်ကနေ ဆက်တက်လို့မရနိုင်ပါဘူး။ အဲဒီလို တက်မလာနိုင်အောင် စစ်ကောင်စီက မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ ခြိမ်းခြောက်စကားက တာသွားလွန်းပါတယ်။ အဲဒီအရင်ကတည်းကလည်း ငတ်လာရင် ကြိုက်တာလုပ်၊ လု၊ ခိုး၊ ဓားပြတိုက်၊ သတ် ကြိုက်တာလုပ် ရှင်းလို့ရတယ်။ စစ်အစိုးရဘက်ကိုတော့ ဘယ်တော့မှ လှည့်မလာနဲ့ဆိုပြီး လုပ်ပြထားပြီးသား၊ မင်းလုပ်ရင် မင်းကို ဖမ်းမယ်၊ သတ်မယ်၊ မင်း မရှိရင်၊ မင်းအသိုက်အဝန်း၊ ဆွေမျိုး တယောက်မှ လွတ်မယ်မထင်နဲ့၊ ဘယ်တော့မှ ပြေးမလွတ်ဘူးဆိုတဲ့ (တောရိုင်းဥပဒေ) နဲ့ အုပ်ချုပ်လာတာ အနှစ် ၆၀ ရှိပြီဆိုတာကို သူတို့ဘက်က သက်သေပြထားပြီးသား။

နိုင်ငံရေးဘက်ကို မလှည့်လာနိုင်အောင်၊ ပြည်တွင်းကလူတွေကို အကြောက်တရား ထည့်ထားပြီးသားပါ။

အခုဆိုရင် နေ့စဉ် ဆီဆိုင်တွေကို လှည့်ပတ်ဆီထုတ်ရတဲ့အချိန်တခု၊ အလုပ်တခု ပြည်သူတွေ လုပ်နေရပြီ၊ ဆီဈေးကလည်း တနေ့တမျိုးနဲ့‌ နေ့စဉ်တက်လာတာ၊ ပြန်ဆင်းတယ်ကို မရှိတော့ဘူး၊ လူတွေလည်း ဝင်ငွေ၊ လစာက တက်မလာဘဲ ဆီဈေးက တက်နေတာကြောင့် ဒုက္ခတွေ ရောက်နေရပြီ။

“သူတို့က  သတ်မှတ်ထားတဲ့ ခွဲတမ်းပဲရပြီး သူတို့ သတ်မှတ်ထားတဲ့ ခွဲတမ်းကလည်း အရင်က တရက်တောင် ရောင်းဖို့မလောက်တဲ့ ပမာဏကို ၄ ရက်လောက် ရောင်းခိုင်းပြီး ဆီကုန်ပြီ၊ ဆိုင်ပိတ်တယ်လို့ သတင်းကြားပါက၊ တိုင်ကြားပါက၊ တွေ့ရှိပါက အရေးပေါ်ကုန်ပစ္စည်းများ အက်ဥပဒေနဲ့ အရေးယူမယ်ဆိုပြီး နေ့တိုင်းလိုလို စာတွေထုတ်၊ မကြာခဏ လာစစ်၊ တနေ့ကို ၃ ကြိမ်ကနေ ၅ ကြိမ်အထိ၊ (စစစ)၊ SME, SB, ရဲ၊ ထွေအုပ်၊ တိုင်းရေနံ စတဲ့ နေရာ ၅ နေရာလောက်ကို စာတွေပို့နေရတာ၊ တနေ့ ဘယ်လောက်ရောင်းရလဲ၊ လက်ကျန် ဘယ်လောက်ရှိလဲ၊ ဈေးနှုန်း၊ အရောင်းဘောက်ချာ၊ ထူးခြားဖြစ်စဉ် စတာတွေကို နေ့တိုင်း စာရင်းလုပ်ပြီး ပို့နေရတာ၊ စီးပွားရေးက အခြေအနေမကောင်းပါဘူး ဆိုပြီး တချို့ဝန်ထမ်းတွေတောင် လျှော့နေရတာကို အခု မရှိမဲ့ရှိမဲ့ လက်ကျန်ဝန်ထမ်းလေးတွေက အဲဒီကိစ္စအတွက်ကိုလည်း (အကောင့်တက်) စာရင်းကိုင်လုပ်ပြီး ပို့နေရတယ်။ အဲဒီအတွက် ဝန်ထမ်းတယောက် သီးခြားထားနေရတယ်။ သူတို့ဆီဆိုင်တွေကို တကယ်ပေးတဲ့ ခွဲတမ်းဆိုတာ တရက်ကို ဆိုင်တဆိုင်မှာ ဂါလန် ၁,၀၀၀ ကုန်တယ်ဆိုရင် တခါထုတ်ရင် ဂါလန် ၂၅၀ ပဲ ချပေးတာ။ အဲဒီရတဲ့ ဂါလန် ၂၅၀ ကို ၃ ရက် ရောင်းခိုင်းတာ။ အဲဒီတော့ တရက်၊ နှစ်ရက်နဲ့ ဆီမကုန်အောင် ရောင်းရတာ။ တယောက်ကို ဘယ်လောက်ပဲရမယ်လို့ သတ်မှတ်ပြီး ရောင်းရင်လည်း ပြည်သူက ကိုယ်တွေဆိုင်တွေကိုပဲ ပြဿနာရှာကြတာ။ ကုန်ပြီလို့လည်း စာလည်း မကပ်ရဲဘူး။ တိုင်ကြတာ။ တိုင်ခံရရင်လည်း ပြဿနာပဲ။ သွားရှင်းရတာနဲ့ ဘာနဲ့ အလုပ်လည်းရှုပ်တယ်။ လတ်တလော စစ်တပ်၊ ရဲနဲ့ ထွေအုပ်တွေက လာအနိုင်ကျင့်တာလည်း ရှိသေးတယ်။ ဘာလို့ ဘယ်လောက်ပဲ‌ ရောင်းတာလဲ၊ ဘာညာပေါ့ အရမ်းစိတ်ပျက်စရာကောင်းတယ်။ အဓိကက ဆီကုန်ပြီဆိုပြီး ဝန်ထမ်းတယောက်က ထိုင်ပြီး ဖြေဖို့လည်း ဂျူတီချရသေးတယ်။ အဲဒီတော့ ပြည်သူကတော့ ဘယ်ယုံမလဲ။ ဆိုင်မှာ လှောင်ထားတယ်၊ ဈေးတက်မှ ရောင်းမလို့လို့ ထင်နေကြတာ။ တကယ်က ကိုယ်ရတဲ့ ခွဲတမ်းကိုက မလောက်တာလေ။ အခုက အရှုံးခံပြီး ရောင်းနေရတာ။ ဆီကုန်ပြီဆိုပြီး ဆိုင်ပိတ်ရင် အပြီးပိတ်ရမယ်တဲ့။ ဘယ်တော့မှ ပြန်မထွက်ရဘူး။ လိုင်စင်ပါ သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်တဲ့ အမိန့်စာတွေကလည်း ခဏခဏ ထုတ်ထုတ်ပြီး ပြောနေတော့ လတ်တလော ရှုံးနေပေမဲ့ ဆိုင်အသိမ်းခံရမှာစိုးလို့ ဒါတွေကို ပြည်သူက ဘယ်သိပါ့မလဲ။ ကိုယ်တွေ မရောင်းချင်လို့ပဲ နားလည်ထားတာ။ ပြည်သူနဲ့ ကိုယ်တွေကို လှည့်ပြီးတိုက်ထားတာ။ တကယ်လို့ ပြည်သူပေါက်ကွဲရင် စစ်အစိုးရဆီကို သွားမပေါက်ကွဲအောင်၊ ဆီဆိုင်တွေဘက်ကို တမင်လှည့်ပေးထားတာ” လို့ ရန်ကုန်တိုင်းအတွင်းက ဆီဆိုင်ပိုင်ရှင်‌တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့က စစ်ကောင်စီ သတင်းစာရှင်းပွဲ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက သူတို့မှာ အရန်ဆီတွေရှိကြောင်း၊ အာရှထဲက တခြားနိုင်ငံတွေထက် မြန်မာနိုင်ငံက ဆီဈေးသက်သာကြောင်းတွေကို စစ်ကောင်စီသတင်းဌာန မြဝတီကနေ လွှင့်ခဲ့ပါတယ်။ နောက် တကမ္ဘာလုံးမှာ ဆီဈေးမြင့်တက်နေတာကြောင့် မြန်မာနိုင်ငံက ဆီဆေးကိုလည်း ထိန်းချုပ်လို့မရကြောင်း ပြောဆိုသွားခဲ့ပြီး အခုလည်း ဆီ 92, 95, Premier တန်ချိန် ၆ သောင်း၊ ခန့်မှန်း ဂါလန် ၁၃ သိန်း ချနေပြီဖြစ်ပြီး နောက်ထပ်လည်း ထပ်လာဖို့ရှိကြောင်းကို ဖြေကြားသွားခဲ့ပါတယ်။

“တကယ်က အခု သူတို့ စစ်ကောင်စီပိုင် မြဝတီတို့၊ မြန်မာ့အသံတို့တွေကနေ ဆီဂါလန် ဘယ်လောက် ရန်ကုန်ဆိပ်ကမ်းကို ရောက်နေပြီ။ နောက်ထပ်လည်း ဘယ်လောက် ထပ်လာအုံးမယ် ဆိုတာတွေ ပြနေတာ တွေ့တယ်မလား။ အဲဒါတွေကို ပြည်သူတွေကကြည့်ပြီး သူတို့ စစ်အစိုးရကပဲ သူတို့ငွေနဲ့ နိုင်ငံခြားကနေ ဆီတွေ ဝယ်ထားသလိုလို၊ ပြည်သူတွေကိုပဲ စေတနာထားသလိုလိုတွေ လုပ်ပြနေတာ။ အမှန်က တခုမှ မဟုတ်ဘူး။ အဲဒီဆီတွေက ပြည်တွင်းက Denko တို့ PT Power တို့ တခြားကုမ္ပဏီကြီးတွေက တင်သွင်းတဲ့ဟာတွေ၊ အဲဒီဆီတွေကို တကယ်ဝယ်ထားတဲ့ ကုမ္ပဏီကြီးတွေက ဘာမှ စီမံခန့်ခွဲ ရောင်းချလို့မရဘူး။ သူတို့က ငွေပဲစိုက်ရတာ။ တကယ်လုပ်နေတာက စစ်ကောင်စီက လုပ်နေတာ။ သူတို့က  စွမ်းအင်က ဒုဝန်ကြီးတယောက်က ဦးဆောင်ပြီး SME ဗဟိုကော်မတီဆိုပြီး တိုင်းနဲ့ပြည်နယ်က  တိုင်းဂျာတွေနဲ့ ကော်မတီဖွဲ့ထားတာ။ အဲဒီလိုဖွဲ့ထားတဲ့  အဖွဲ့ကနေ ဆီဆိုင်တွေကို ခွဲတမ်းဆိုပြီး ချပေးတာ။ ကုမ္ပဏီကြီးတွေက တကယ် ငွေထုတ်ဝယ်ပြီး သူတို့ ဘာမှ စီမံခန့်ခွဲခွင့် မရှိဘူး။ စစ်ကောင်စီခန့်ထားတဲ့ အဖွဲ့ကနေပဲ အားလုံးလုပ်နေတာ။ ဘယ်ဆီဆိုင် ဘယ်လောက်ခွဲတမ်းပေး ဆိုပြီးတော့လည်း သူတို့ပဲ သတ်မှတ်တာ။ ပြီးတော့မှ အဲဒီကုမ္ပဏီတွေကို ငွေသွားသွင်း၊ အဲဒီလိုလုပ်ရတာ။ အဲဒီမှာလည်း စာရင်းတွေ၊ အော်ဒါခွဲတမ်းတွေက အမြဲကွာဟတာတွေဖြစ်၊ စာရင်းတွေလွဲ၊ သူတို့(ကုမ္ပဏီ)ရောက်တဲ့ ဂါလန်အရေအတွက်နဲ့ တကယ် ကျနော်တို့ရတဲ့ ဂါလန်အရေအတွက်တွေက အမြဲတလွဲတွေဖြစ်၊ စာရင်းတွေကွာ၊ ငွေသွင်းတာတွေလွဲ ဆိုပြီး အဲဒီပြဿနာတွေကလည်း ရှင်းမနိုင် လင်းမနိုင်တွေပဲ၊ အာရုံတွေလည်း အရမ်းနောက်နေပါပြီ။ အမြဲတမ်းကုမ္ပဏီ‌တွေနဲ့ ဆီဆိုင်တွေ ပြဿနာဖြစ်၊ ပြည်သူလူထုနဲ့ ဆီဆိုင်တွေ အမြဲထိပ်တိုက်ဖြစ်အောင် လုပ်ထားတယ်။

အဲဒီတော့ ဆီခွဲတမ်းတွေ ရပြီဆိုပါတော့၊ အဲဒီတော့ သွားထုတ်ဖို့ ဆီဘောက်ဆာ ငှားရတာ၊ ဘောက်ဆာတွေက ဂါလန် ၃,၂၀၀၊ ၄,၀၀၀၊ ၈,၀၀၀ ဆိုတာတွေနဲ့ သွားတန်းစီရတာ။ တကယ်က သူတို့ချပေးတာက အလွန်ဆုံး ဂါလန် ၄,၀၀၀ ပဲ ချပေးတာ။ အဲဒီတော့ ဆိုင်တွေ ပေါင်းပြီးထည့်ရတာ။ အဲဒီတော့ ကိုယ့်ဆိုင်ရောက်တော့ ဆီက ဂါလန် ၄,၀၀ဝ ပါမလာတော့ဘူး။ ဂါလန် ၁,၆၀၀ ပဲ ပါလာတယ်။ အဲဒါကို ဘယ်မှသွားတိုင်လို့ မရဘူး။ ဘယ်သူကမှလည်း ဖြေရှင်းမပေးဘူး။ အခုက ၇ လပိုင်းလောက်ကတည်းက စရှုံးလာတာ။ ဆိုင်ပိတ်ရင် ဆိုင်အသိမ်းခံရမှာ၊ အရေးယူခံရမှာစိုးလို့ လုပ်နေရတာ။ ဒီအခြေအနေတိုင်းကို လုပ်နိုင်ရင် လုပ်၊ မလုပ်နိုင်ရင် ပြန်အပ်၊ လုပ်မယ့်သူ ရှိတယ်တဲ့၊ သူတို့က အဲဒီလို ခြိမ်းခြောက်ထားတာ။ အခုထိတော့ ရှိတာလေးတွေ ထပ်ထည့်ပြီး အရှုံးနဲ့ ဆက်တောင့်ခံနေရတာပဲ” လို့ ပဲခူးတိုင်းထဲက ဆီဆိုင်ပိုင်ရှင်တယောက်က ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းမီ အစောပိုင်းကာလ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ အောက်တိန်း ၁ လီတာကို ကျပ် ၆၀၀ ကျော်နဲ့ ဒီဇယ် ၁ လီတာကို ကျပ် ၇၀၀ ကျော်သာ ရှိခဲ့ပါတယ်။ ဒီကနေ့ သြဂုတ် ၁၇ ရက်မှာတော့ အောက်တိန်း ၁ လီတာက ၂,၃၆၅ ကျပ်နဲ့ ဒီဇယ် ၁ လီတာကို ၂,၇၈၀ ကျပ် ရှိပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက် အောက်တိန်းအမျိုးအစား စက်သုံးဆီဈေးက ၁ လီတာကို ၁,၆၆၅ ကျပ် မြင့်တက်သွားသလို ဒီဇယ်ဈေးနှုန်းကလည်း ၁ လီတာကို ၁,၉၈၀ ကျပ် မြင့်တက်သွားပါတယ်။ ဒါဟာ ရာခိုင်နှုန်းအားဖြင့် ၇၀ ရာခိုင်နှုန်း မြင့်တက်သွားတာလို့ ဆီဆိုင်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

စစ်ကောင်စီက အခုဆိုရင် နေ့စဥ်ဆိုသလို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်တွေနဲ့ တခြား တိုင်းနဲ့ပြည်နယ်တချို့တွေကို နေ့စဉ်ရက်ဆက် ရဟတ်ယာဥ်၊ တိုက်လေယာဥ်တွေနဲ့ ပျံသန်းပြီး ရွာတွေကို ဗုံးကြဲ၊ ကျေးရွာတွေကို မီးရှို့လာခဲ့တာ အခုဆိုရင် အိမ်ပေါင်း ၁၈,၈၈၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ဩဂုတ်လ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ နေ့စဥ်တိုက်ပွဲတွေအတွက် သုံးရတဲ့ ကား၊ လေယာဉ်နဲ့ တခြား စက်ယန္တရားတွေအတွက် သုံးနေရတဲ့ လောင်စာဆီ၊ ပြည်တွင်းက ပြည်သူတွေ၊ စစ်ကောင်စီခန့် ဝန်ထမ်းတွေ သွားလာရေးအတွက် သုံးနေရတဲ့ လောင်စာဆီ၊ ပြည်တွင်းမှာ အရန်ဘယ်လောက်ပဲ ကျန်နေပါသေးလဲ ဆိုတာကတော့ ပြည်သူတွေ သိချင်နေကြတာပါ။

အခုတော့  နောက်ဆုံးဆေးမြီးတိုအနေနဲ့ အသက်ဆက်ဖို့ကို ရုရှားကနေ လောင်စာဆီတွေ တင်သွင်းတော့မယ်လို့ စီစဥ်နေပါပြီ။ အဲဒီအတွက် ဝယ်ယူဖို့ ဒေါ်လာငွေမရှိပေမဲ့ မြန်မာပြည်က တွင်းထွက် သယံဇာတတွေနဲ့ လဲလှယ်မှာလား၊ တခြား ဘာတွေပေးပြီး လောင်စာဆီဝယ်မှာလဲ၊ သေချာတာကတော့ ရုရှားက အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်လှုပ်ရှားနိုင်ရန် မြန်မာတွင် ရေတပ်အခြေစိုက်စခန်း ရရှိရေးအတွက် မြေနေရာ လိုအပ်နေပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံက စစ်ကောင်စီနဲ့ ရုရှားအစိုးရတို့ ညှိနှိုင်းနေတယ်လို့ နိုင်ငံတကာ သတင်းစာတွေအရ သိရပါတယ်။ အဲဒါနဲ့ လတ်တလော လဲလှယ်မှာလို့ သိရပေမဲ့ တခြား ဘာတွေပေးပြီး လောင်စာဆီတွေ တင်သွင်းဦးမှာလဲ။ အဲဒီပမာဏက စစ်ကောင်စီ အသက်ဆက်ဖို့ လုံလောက်ပါရဲ့လား။

ဘညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024