Home
မြန်မာသတင်း
ရေလယ်ကျွန်းဒေသ ငတရော်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
DVB
·
August 17, 2022

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ငတရော်(ငတမျှော်) ရွာကို သြဂုတ် ၁၇ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငတယော်ကျေးရွာ ဒေသခံတယောက်က “မင်းရွာမှာ တပ်စွဲထားတဲ့ စစ်(…)၊ ပျူ(…)တွေဟာ ဒီနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်လောက်မှာ ကျနော်တို့ရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကို ၃ နေရာခွဲပြီး မီးရှို့ဖျက်ဆီးနေကြတယ်။ ကျနော်တို့လည်း ဘေးလွတ်ရာကို ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာခဲ့လို့ အဝေးကပဲ မီးခိုးလုံးတွေ လှမ်းမြင်ရတယ်။ အိမ်ခြေ ၄၉၀ ကျော် ရှိတဲ့ထဲက နေအိမ်ဘယ်နှလုံး မီးလောင်တယ် ဆိုတာကိုတော့ မသိရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်တွေဟာ နေရင်း၊ မင်းရွာနဲ့ ဆင်တဲရွာတွေမှာ တပ်စွဲပြီး စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံပြည်သူ ၇,၀၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024