Home
ဆောင်းပါး
မင်းအောင်လှိုင် အိပ်မက်တွေ သက်ဝင်လာမလား
DVB
·
August 17, 2022

မင်းအောင်လှိုင်ရဲ့ အိပ်မက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ဖယ်ရှား၊ EAO တွေကို အခိုက်အတန့်ငြိမ်း‌ချမ်းရေးနဲ့ လုပ်ပိုင်ခွင့်ပေး၊ သူ့စိတ်ကြိုက် ရွေးကောက်ပွဲ ဥပေဒတွေကိုပြင်ပြီး ထာဝရ သမ္မတကြီး ဖြစ်ရေးဆိုတာ အားလုံးသိပြီးကြပြီး ဖြစ်ပါတယ်။ 

ဒီအိပ်မက်ဟာ  လွယ်လွယ်နဲ့ အကောင်အထည်ဖော်နိုင်မယ့် အိပ်မက်လို့ မင်းအောင်လှိုင်နဲ့ သူ့အကြံပေး၊ ယတြာပေးတွေက အာဏာမသိမ်းမီကာလက မှန်းဆခဲ့ပုံရပါတယ်။ လက်တွေ့ အာဏာသိမ်းပြီးချိန်မှာတော့ စစ်ခေါင်းဆောင်တွေဟာ အဘက်ဘက်က တော်လှန်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ်။ တော်လှန်တိုက်ခိုက်ရေးပုံစံတွေက စစ်ခေါင်းဆောင်တွေ မျှော်လင့်မထားတဲ့ တိုက်ခိုက်ရေးပုံစံတွေလို့ ပြောရမှာပါပဲ။ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်လိုက်တဲ့ ကျောင်းသားပြည်သူ လူငယ်တွေဟာ ၁၉၈၈  တော်လှန်ရေးပြီးစကလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံမှာ အားလုံး အခြေစိုက်လိုက်တာမျိုး မဟုတ်တော့ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာ အခြေခံ စစ်ပညာသင်ယူခဲ့ပြီး  သူတို့ရဲ့ ရပ်ရွာတွေဆီ ပြန်လည် အခြေပြုကာ ဒေသတွင်းက ပြည်သူတွေဆီ စစ်ပညာ ပြန်လည် ဖြန့်ဖြူးကြပါတော့တယ်။ 

ဒါ့အပြင် ပြည်ပရောက် မြန်မာအသိပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ ပံ့ပိုးကူညီမှု၊ ကိုယ်တိုင် လေ့လာအားထုတ်မှုတွေနဲ့အတူ  စစ်လက်နက်ပစ္စည်းတွေကိုလည်း ဒေသအတွင်းမှာပဲ တီထွင်ထုတ်လုပ်လာကြပါတယ်။ ယခင်ပြည်တွင်းစစ်ကာလတွေအတွင်းမှာ မတွေ့ရဖူးတဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ပုံစံအသစ်ကိုလည်း ဂျန်ဇီလို့ ချစ်စနိုးခေါ်ကြတဲ့ ခေတ်သစ်မြန်မာလူငယ်တွေ လက်ထက်မှာမှ တွေ့မြင်လာကြရတာပါ။ မြေပြင်ပုံရိပ်တွေကို ရိုက်ကူးရာ၊ ဆော့ကစားရာအဖြစ်သာ အသုံးပြုခဲ့ဖူးတဲ့ ဒရုန်းငယ်လေးတွေရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ ထိရောက်မှုရှိတယ်ဆိုတာကို ဗီဒီယိုဖိုင်တွေသာမက ‌စစ်ဖက် ၊ ရဲဖက်သုံး ကြေးနန်းအစီရင်ခံစာတွေအရပါ တွေ့မြင်နေရပါတယ်။

၁၉၈၈ အရေးတော်ပုံ ပြီးစကလို ကျောင်းသားလူငယ်တွေ EAO တွေဆီရောက်၊ ပြည်မနဲ့ နယ်စပ်ဒေသကို ပိတ်ဆို့ အဆက်အသွယ်ဖြတ်ထားလိုက်ရင် တည်ငြိမ်မှုရပြီလို့ မှန်းဆထားတဲ့ စစ်ကောင်စီကို လူငယ်တွေရဲ့ တုန့်ပြန်ပုံတွေက အငိုက်မိစေခဲ့ပါတယ်။ ပြည်မအတွင်းမှာပဲ ပြန့်ကျဲနေတဲ့ တော်လှန်‌အင်အားစုတွေကို နှိမ်နင်းဖို့ စစ်ကောင်စီဟာ အသည်းအသန် အားထုတ်နေရပါပြီ။ ပြည်သူနဲ့ ရန်ငါပြတ်သွားပြီး သတင်းအချက်အလက် ရရှိမှု အားနည်းသွားတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေကို မီးရှို့ပြာကျစေပြီး အကြောက်တရား ရိုက်သွင်းဖို့ကိုပဲ အားထုတ်လာရပါတော့တယ်။ တန်ပြန်ရရှိလာတဲ့ အကျိုးရလဒ်ကတော့ ဒေသခံလူထုဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပိုမိုပူးပေါင်း ပါဝင်သွားခြင်းပါပဲ။

စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူ အင်မတန်နည်းနေတဲ့အတွက် ရက်တိုးမြှင့် ခေါ်ယူနေရချိန်မှာ ဒေသအသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေမှာ သင်တန်းဆင်းပွဲ အသစ်တွေ အဆက်မပြတ် ပြုလုပ်နေကြဟာ ပစ္စက္ခ အရှိတရား၊ အမှန်တရားပဲ ဖြစ်ပါတယ်။ မကွေး၊ စစ်ကိုင်းနဲ့ ချင်း ဒေသအသီးသီးမှာ ဆင်နွှဲနေတဲ့ ပြောက်ကျားစစ်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အထိနာစေတာလည်း အမှန်ပါပဲ။ ဒါနဲ့ စစ်ကောင်စီကို အလျင်အမြန်ပြိုလဲစေမှာလား မေးလာရင်တော့ ခေါင်းရမ်းပြရမှာပါပဲ။ နိုင်ငံ့ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ စစ်လက်နက်ခဲယမ်း ၊ ယာဉ်ယန္တယားတွေကို ပိုင်ဆိုင်ထားတဲ့ စစ်တပ် အချိန်တိုအတွင်း ပြိုကျဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ တဖက်မှာက စစ်ကောင်စီ ထိန်းကျောင်းမရတဲ့ စီးပွားရေး ပျက်ယွင်းမှုတွေဟာ တိုးတိုးလာနေတာပါ။ နိုင်ငံခြားအရန်ငွေကြေး စုဆောင်းထားရှိမှု အခြေအနေကို ဘယ်သူမှ မသိနိုင်အောင် ပြည်ဖုံးကားချလိုက်သလို လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းများ၊ ကုမ္ပဏီများရဲ့ ဒေါ်လာကိုင်ဆောင်နိုင်ခွင့်နဲ့ ဒေါ်လာငွေလဲနှုန်း သတ်မှတ်မှုဟာ နေ့တမျိုး ညတဖုံ အမျိုးအမျိုး ပြောင်းလဲနေတာပါ။ ဒါဟာ စစ်ကောင်စီ ထိန်းကျောင်းနေရတဲ့ စီးပွားရေလှေကြီး ပဲ့နင်း ဦးထောင်၊ ဦးနင်း ပဲ့ရမ်းနဲ့ မတည်မငြိမ်ဖြစ်နေရခြင်းရဲ့ ပြယုဂ်ပါပဲ။ စစ်ကောင်စီက ဗဟိုဘဏ်ထဲ ကောက်ထည့်လိုက်တဲ့ မိုးကျရွှေကိုယ်တွေဟာ စီးပွားရေး စီမံခန့်ခွဲမှု ကျွမ်းကျင်မှု မရှိဘဲ လက်တည့်စမ်း မူဝါဒတွေချမှတ်ရင်းနဲ့ လှေဟာ ချာရပတ် ရမ်းနေပါပြီ။ 

ဒီကြားထဲ စစ်ကောင်စီ ဥက္ကဋ္ဌကြီး မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း စီးပွားရေး ဦးမော့လာဖို့ ကျပ်ဘီလီယံ ၄၀၀ ရှိတယ်ဆိုပြီး သူထင်သလို ရိုက်နှိပ်ထားတဲ့ ငွေစက္ကူတွေကို အခမ်းအနားနဲ့တောင် ပေးနေပါသေးတယ်။ နိုင်ငံခြားအရန်ငွေကြေး ခမ်းခြောက်မှု၊ ဘတ်ဂျက်လိုငွေပြမှုတွေကို ဗိုလ်သန်းရွှေလက်ထက်မှာလည်း ကြုံတွေ့ခဲ့ရပေမယ့် သိသာသိစေ မမြင်စေနဲ့ ဆိုသလို ဝါဇီကနေ အသစ်ရိုက်ထုတ်ထားတဲ့ ငွေစက္ကူတွေကို ဈေးကွက်ထဲ မျှင်းထည့်ခဲ့တာပါ။ ဒေါ်လာရဲ့ အရေးပါမှုကို လျော့ချဖို့အတွက် အက်ဖ်အီးစီကို အစားထိုးတာလည်း လုပ်ဆောင်ခဲ့ပါတယ်။ မင်းအောင်လှိုင်ကတော့ လျှို့ဝှက်အပ်တဲ့ ဘဏ္ဍာရေးကိစ္စတွေကို အခမ်းအနားနဲ့ ပေးအပ်တဲ့အထိ ရူးမိုက်နေတာပါ။ သူ့ရဲ့ စီးပွားရေး ဦးမော့စေရေး ဝါဇီထုတ် ‌စက္ကူများ ဖြန့်ဝေရေး အခမ်းအနားကြီး အပြီးမှာပဲ ဒေါ်လာ၊ ရွှေနဲ့ စက်သုံးဆီဈေးတွေဟာ စံချိန်တင် ခုန်တက်သွားပါတော့တယ်။ 

ဒေါ်လာ၊ ‌ရွှေနဲ့ စက်သုံးဆီဈေးမြင့်တက်မှုနောက်ကနေ အထွေထွေ ကုန်ဈေးနှုန်းကလည်း တက်လာပါပြီ။ အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်မှုကတော့ စစ်သား၊ ရဲသားနဲ့ တပ်ထောက်ခံသူမို့ဆိုပြီး လွတ်ကင်းချမ်းသာခွင့်ပေးမှာ မဟုတ်ပါဘူး။ လူတန်းစားအားလုံးကို ရိုက်ခတ်မှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အခြေခံလူတန်းစားအဆင့်ထဲမှာပဲ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို ပိုမိုကျပ်တည်းစေမှာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ အတောင့်တင်းဆုံး အင်စတီကျူးရှင်း စစ်တပ်ဟာ ကျဆုံးလမ်းမရှိလို့ ယုံမှတ်ထားကြသူတွေအနေနဲ့ "စ" နှစ်လုံးနဲ့ စစ်ကောင်စီ စုံးစုံးမြုပ်မယ့် အခြေအနေကို  မကြာမီကာလမှာ မြင်တွေ့ကြရတော့မှာပါ။ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောက်ကျား စစ်ဆိုတဲ့ "စ"တလုံးက မင်းအောင်လှိုင်ရဲ့ တပ်တွေကို စိတ်ဓာတ်ရေးရာ ကျဆင်းစေသလို  စီးပွားရေးဆိုတဲ့ "စ" တလုံးဟာလည်း စစ်ကောင်စီရဲ့ အကိုင်အတွယ် မကျွမ်းကျင်မှုကြောင့် ကျွမ်းထိုးမှောက်ခုံဖြစ်နေပါပြီ။ လျှို့ဝှက်အပ်တဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို လုံခြုံမှုရှိအောင် ထိန်းသိမ်းနိုင်စွမ်းလည်း စစ်ကောင်စီမှာ မရှိတော့ပါဘူး။ ဥစ္စဘက်ကစ္စတန်ကနေ စက္ကူနဲ့ ဘလောက်တုံးတွေ မှာယူတာကအစ အခု နောက်ဆုံးပေါ်ထွက်လာတဲ့ စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွှန့်အောင် စီးပွားရေးလုပ်ငန်းရှင်တွေအပေါ် ခြိမ်းခြောက်ပြောဆိုတဲ့ အသံဖိုင်အထိ စစ်ကောင်စီရဲ့ ဘဏ္ဍာရေးအခြေအနေတွေဟာ ဟင်းလင်းပွင့်ထွက်နေခဲ့တာပါ။ 

စစ်ကောင်စီ ပြိုလဲခန်းဟာ တချို့တွေ မှန်းဆထားသလို တော်လှန်းရေးတပ်တွေက အင်အားအလုံးအရင်းနဲ့ မြို့တွေထဲထိ ဝင်တိုက်၊ လေယာဉ်ကွင်းတွေ သိမ်းပိုက်၊ နိုင်ငံတကာက လက်နက်ခဲယမ်းသယ် လေယာဉ်ကြီးတွေရောက်လာ၊ နေပြည်တော်ထိ တက်သိမ်းဆိုတဲ့ ရုပ်ရှင်ဆန်ဆန် ဖြစ်မှာ မဟုတ်ပါဘူး။ လက်ရှိ "စစ်"ရေးကြောင့် စစ်ပန်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို "စီးပွားရေး" အကျပ်အတည်းက ထပ်မံဖိစီးလာမှာမို့ သေနတ်ပြောင်းဝတွေဟာ ဦးတည်ရာ ပြောင်းသွားမှာပါ။ ရွေးကောက်ပွဲကာလမတိုင်မီမှာပဲ မင်းအောင်လှိုင်ရဲ့ အိပ်မက်တွေဟာ အသက်ဝင်လာဖို့မရှိဘဲ တစစီ လွှင့်စင် ပြိုကွဲဖို့သာ ရှိနေပါကြောင်း။ 

စောအဲမွန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024