Home
မြန်မာသတင်း
ပေါက်မြို့နယ် ချိုင်ဇောက်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ အိမ်ခြေ ၄၀ ခန့် ဆုံးရှုံး
DVB
·
August 16, 2022

မကွေးတိုင်း၊ ပေါက်မြို့နယ် ချိုင်ဇောက်ကျေးရွာကို ဒီနေ့ သြဂုတ် ၁၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့ကြလို့ အိမ်ခြေ ၄၀ လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ သြဂုတ် ၁၅ ရက် ညနေပိုင်းက ချိုင်ဇောက်ကျေးရွာကို ဝင်ရောက်ပြီး အထက်စုဘုန်းကြီးကျောင်းမှာ ညအိပ်တပ်စွဲကာ ဒီနေ့မနက်ပိုင်းမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကြတာလို့ ချိုင်ဇောက်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်(...)တွေ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၄၀၀ ကျော်လောက်ရှိတဲ့ ကျနော်တို့ရွာက ပြည်သူတွေရဲ့နေအိမ် ၄၀ လောက် မီးလောင်ကျွမ်းခဲ့ပြီး ချိုင်စောက်အောက်စုကိုပါ မီးရှို့ ဖျက်ဆီးခဲ့ကြတယ်။ အောက်စုမှာတော့ အိမ်ခြေဘယ်လောက် မီးလောင်တယ်ဆိုတာ မသိရသေးဘူး။”

သစ်ကြီးတောနဲ့ ချိုင်ဇောက် အထက်စုနားမှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ မနေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“စစ်(...)တွေ စစ်ကြောင်းထိုးလာတယ်လို့ သတင်းရရချင်းပဲ ကျနော်တို့တရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးလာခဲ့ကြတာဗျ။ အခုအချိန်ထိ ရွာထဲကို မပြန်ရဲကြသေးဘူး။”

ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024