တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေ လဲလှယ်နေသူတွေကို စစ်ကောင်စီက ဖမ်းမယ်လို့ သတင်းတွေထွက်နေတာကြောင့် ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူတွေ မနေ့ကစပြီး လုပ်ငန်းရပ်နားထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေချိန်မှာ ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူတွေက ငွေကစားနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းမယ်လို့ သတင်းတွေထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။
ကော့သောင်းမြို့ခံတယောက်က “လောလောဆယ် ငွေလဲဒိုင်တွေ ပိတ်ထားတယ်။ ဖွင့်တဲ့ဒိုင်တွေ ဖမ်းမယ်လို့ ပြောသံကြားရတယ်။ ကုန်ခြောက်ဆိုင်တွေမှာလည်း မလဲပေးရဲကြဘူး။ ငွေဈေးအတိအကျကို မပြောတတ်တော့ဘူး” လို့ ပြောပါတယ်။
ဒီနေ့ညနေ ငွေပေါက်ဈေးမှာ ဝယ်စျေး ထိုင်းဘတ်ငွေ ၁၀၀ ကို မြန်မာကျပ်ငွေ ၈,၀၀၀ လောက် ရှိတယ်လို့ ဘန်ကောက်ငွေလွှဲဒိုင်တခုက ပြောပါတယ်။
ကော့သောင်းမြို့မှာ ငွေလဲဒိုင် ၂၀ လောက်ရှိပြီး လက်ရှိအခြေအနေအထိ အဖမ်းခံထားရတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။
ဩဂုတ် ၁၃ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ကြံခင်းလမ်းမှာ ထိုင်း-မြန်မာ ငွေလဲလုပ်ငန်း လုပ်ကိုင်နေတဲ့ဆိုင်တွေကို စစ်ကောင်စီက ဝင်ရောက်စီးနင်းကာ လူကိုဖမ်းပြီး ငွေတွေ သိမ်းယူသွားခဲ့ပါတယ်။