မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို သြဂုတ် ၁၅ ရက် မနက်ပိုင်းက ယောဒေသ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ်တိုက်ခိုက်ခဲ့လို့ ရဲတယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ YDF-ထီးလင်းရဲ့ခေါင်းဆောင် သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
မင်းရွာရဲစခန်းကို မနေ့ သြဂုတ် ၁၅ ရက်န မနက် ၅ နာရီ ၄၅ မိနစ်မှာ ယောဒေသကာကွယ်ရေး ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီး ၆ လက်နဲ့ ပစ်ကူပေးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်ပွားချိန်ကတော့ ၂၅ မိနစ်လောက် ဖြစ်ခဲ့တာဗျ။ ရဲ(...)ဘက်က တယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ ကျနော်တို့ ညီနောင်မဟာမိတ်တွေဘက်ကတော့ အထိအခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။ မင်းရွာရဲစခန်းကို တိုက်ခိုက်ရတာက ရည်ရွယ်ချက် ၂ ခုရှိတယ်။ စခန်းသိမ်းတိုက်ပွဲ ပုံစံမျိုးတော့ မဟုတ်ဘူး။ ဒီဘက်မှာက ပူးပေါင်းစစ်ဆင်ရေးတွေ မလုပ်ဖြစ်တာကြာပြီ ဖြစ်သလို ထီးလင်း-PDF(YRPA) နဲ့ဆိုရင် ပထမဆုံးအကြိမ် ပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီး အဖွဲ့ ၅ ဖွဲ့လောက်နဲ့ ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်တာ ပထမဆုံးအကြိမ်ဖြစ်တယ်။ ပထမအချက်အနေနဲ့ ပူးပေါင်းစစ်ဆင်ရေးကို လေ့ကျင့်တဲ့သဘောနဲ့ တိုက်ခိုက်ခဲ့တာ” လို့ သခင်ဇော်ကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ သူတို့စခန်းတွေမှာ အေးအေးဆေးဆေး နေလို့မရအောင်၊ အမြဲတမ်း ကြောက်လန့်နေအောင်နဲ့ သူတို့အပေါ်မှာ အချိန်မရွေး လာတိုက်နိုင်တယ်ဆိုတာ မက်ဆေ့ချ်ပေးတဲ့သဘောနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲကို YDF တပ်ရင်း ၆၊ ၇၊ ၈၊ ၁၄၊ PDF-ဂန့်ဂေါတောင်ပိုင်းတပ်ဖွဲ့၊ ဂန့်ဂေါတောင်ပိုင်း-ပ.က.ဖ နဂါးညီနောင် အဖွဲ့ ၁၊ ထီးလင်း-PDF(YRPA) နဲ့ CDF-KKG တပ်ရင်း ၅ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။
အဲဲဒီတိုက်ပွဲနဲ့ ပတ်သက်လို့တော့ ရဲတွေဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေရသေးပါဘူး။