စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း၊ သနန်ကျေးရွာနေ ချင်းအမျိုးသား ကိုထန်ခန့်ဆွန်ကို ရွာအဝင်မှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေက သြဂုတ် ၁၅ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးသွားတယ်လို့ ရွာခံတချို့က ပြောပါတယ်။
ကိုထန်ခန့်ဆွန်ဟာ တမူးမြို့မှာ စက်ပစ္စည်းဝယ်ပြီးအပြန် ရွာမရောက်ခင် နားခိုရာ ရိပ်သာနားမှာ စစ်ကောင်စီတပ်နဲ့ သနန်ပျူစောထီးအဖွဲ့တွေက ဖမ်းဆီးပြီး မြို့သစ်မြို့ တပ်စခန်းကို ခေါ်သွားတာ အခုထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ နီးစပ်သူတယောက်က ပြောပါတယ်။
ကိုထန်ခန့်ဆွန်ဟာ လက်သမားအလုပ် လုပ်ပြီး တခါတရံ ချိန်းဆောနဲ့ သစ်ခွဲ အငှားလိုက်တဲ့ အလုပ်လည်း လုပ်သူတယောက်လို့ သိရပါတယ်။
စစ်ကောင်စီ၊ ပျူစောထီး၊ ရှမ်းနီ၊ ကသည်းသူပုန် စတဲ့အဖွဲ့ ၄ ဖွဲ့ ကြီးစိုးတဲ့ ဒေသမှာရှိတဲ့ သနန်ကျေးရွာဟာ တမူး-အောင်ဇေယျ ကားလမ်းပိုင်းမှာရှိပြီး တမူးမြို့နဲ့ မိုင် ၃၀ ကွာဝေးပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့ မြို့မ (၁၂-ခ) ရပ်ကွက်၊ ပါဟဲတံတားမှာ ဆိုင်ကယ်ဖြတ်မောင်းလာတဲ့ ဒေသခံအမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တမူးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်မှစပြီး ဇွန်လကုန်ထိ အရပ်သားပြည်သူ ၁၉ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးခံရသူ အနည်းဆုံး ၆ ဦးနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၁၉ လုံးထက်မနည်း ရှိလာပြီလို့ ကူကီးကျောင်းသားလူငယ်အဖွဲ့အစည်းက ထုတ်ပြန်ထားပါသေးတယ်။