Home
ဆောင်းပါး
EAO ခေါင်းဆောင်တွေ ပြတ်သားရမည့် အချိန် (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
August 15, 2022

မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ဆိုတဲ့ အလင်းတန်းပေါက်ဖွားပြီး မရှေးမနှောင်းမှာပဲ အမိုက်တိုက်လို့ ဆိုရမယ့် ပြည်တွင်းစစ်ကလည်း သန္ဓေအောင်ခဲ့ပါတယ်။ ဧရိယာစတုရန်းမိုင် ၂၆၁၂၂၈ မိုင်မျှသာ ကျယ်ဝန်းတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု တရာကျော်ရှိပြီး လက်နက်ကိုင် အဖွဲ့အစည်းပေါင်းကလည်း တရာကျော်ရှိခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေဟာ လူမျိုးစုတွေအပေါ် အခြေခံဖွဲ့စည်းထားကြတာပါ။

လူမျိုးစုအခြေပြု လက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ ဦးတည်တိုက်ခိုက်ရာဟာ မြန်မာစစ်တပ်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ခန့်ရှိခဲ့ပါပြီ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) တွေဟာ မြန်မာစစ်တပ်ကို အပြတ်မတိုက်နိုင်သလို မြန်မာစစ်တပ်ကလည်း EAO တွေကို အဆုံးသတ်ချေမှုန်းလေ့ မရှိပါဘူး။  ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ကို ထိန်းသိမ်းထားရာ နိုင်ငံပါပဲ။ 

ဒီလို မပြတ်မသားအဖြစ်နဲ့ ပြည်တွင်းစစ် သက်ဆိုးရှည်နေရတာဟာ ဘာကြောင့်ပါလဲ။ 

နှစ်ဘက်အဖွဲ့အစည်းဟာ လက်နက်ကိုင်အကျိုးစီးပွားအပေါ် သာယာသွားကြလို့ ဖြစ်တယ်ဆိုတဲ့ နိုင်ငံတကာ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတွေရဲ့ သုံးသပ်ချက်ကို ယတိပြတ် ငြင်းနိုင်ပါရဲ့လား ဆိုတာကို EAO ခေါင်းဆောင်တွေကိုယ်တိုင် ပြန်လည်ဆန်းစစ်ကြရပါလိမ့်မယ်။ ဗမာလူမျိုးကြီးဝါဒ တိုက်ဖျက်ရေး၊ အာဏာရှင်တော်လှန်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ ဖက်ဒရယ်စနစ် ဖြစ်ထွန်းရေး စတဲ့ ခေတ်ကာလနဲ့ လျော်ညီတဲ့ ခေါင်းစဉ်အသီးသီးပြောင်းပြီး လက်နက်ကိုင်လမ်းစဉ်ကို လက်ဆင့်ကမ်းလာကြပေမယ့် အခိုက်အတန့် ငြိမ်းချမ်းရေးနဲ့ လုပ်ပိုင်ခွင့် လဲလှယ်ကြခြင်း အဆင့်နဲ့သာ တစခန်း ရပ်ရပ်သွားလေ့ရှိပါတယ်။ 

တောင်းဆိုချက်ချင်း တူကြပေမယ့် လူမျိုးစုလက်နက်ကိုင်တွေဟာ တပ်ပေါင်းစုဖွဲ့ပြီး မြန်မာစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး သမိုင်းတလျှောက် မပေါ်ထွက်ခဲ့ဖူးပါဘူး။  နီးစပ်ရာအဖွဲ့ အချင်းချင်း မဟာမိတ်ဖွဲ့ထားကြတာရှိပေမယ့် ၎င်းတို့ရဲ့ အမြင့်ဆုံးရည်မှန်းချက်ဟာ မိမိစိုးမိုးနယ်မြေ လက်မလွတ်ရစေရေးအဆင့်ပဲ ဖြစ်နေပါတယ်။ ရှမ်းပြည်နယ်လို လူမျိုးစု များပြားတဲ့ဒေသမှာဆိုရင် စိုးမိုးနယ်မြေအတွက် EAO အချင်းချင်း ပြန်လည် တိုက်ခိုက်နေကြရပါတယ်။ ကျွဲတွေကြားက မြေစာပင်ကတော့ ဒေသခံပြည်သူတွေပါပဲ။ ဒေသခံ ပြည်သူတွေဟာ မြန်မာစစ်တပ်နဲ့ EAO တိုက်ရင်လည်း သေကျေပျက်စီးရ၊ EAO အချင်းချင်း နယ်မြေလုရာမှာလည်း ထိခိုက်ရနဲ့ပါ။ 

ဒေသခံတိုင်းရင်းသားလူထုနဲ့ မိမိစိုးမိုးနယ်မြေကို ဖြတ်သန်းသွားလာသူတွေဆီက ကောက်ခံရရှိထားတဲ့ ငွေကြေးတွေနဲ့ တိုက်ခိုက်မှု ပုံသဏ္ဌာန်မျိုးစုံ တိုက်ခိုက်ခဲ့ပေမယ့် ဒေသခံလူမျိုးစု ကောင်းစားရေး ဆိုတဲ့ ခေါင်းစဉ်ကို အပြည့်အဝ ပုံဖော်ပေးနိုင်ခဲ့ပါရဲ့လားဆိုတာကို EAO ခေါင်းဆောင်တွေ ပြန်လည်သုံးသပ်သင့်ပါပြီ။ 

နိုင်ငံတခုရဲ့ စစ်တပ်ဟာ အမှန်တကယ် ချေမှုန်းတိုက်ခိုက်လိုရင် မြန်မာနိုင်ငံက EAO တချို့ထက် အဆပေါင်းများစွာ အင်အားသာလွန်တဲ့ တမီလ်ကျားသူပုန်တွေကို အမြစ်ပြတ် တိုက်နိုင်တယ် ဆိုတာကို သီရိလင်္ကာစစ်တပ်က ၂၀၀၉ ခုနှစ်အတွင်းမှာ သက်သေပြခဲ့ပြီးပါပြီ။ မြန်မာစစ်တပ်ကတော့ EAO တွေကို သူ့ရဲ့ နိုင်ငံတော်ကာကွယ်ရေးသူရဲကောင်းကြီးဆိုတဲ့ ပုံရိပ်ကို အထောက်အကူပြုပေးမယ့် ဇာတ်ပို့၊ ဇာတ်ရံတွေအဖြစ် သဘောထားတာပါ။ အမြစ်ပြတ် ချေမှုန်းရေး လုပ်မှာ မဟုတ်သလို EAO တွေ လိုလားသမျှကို အပြည့်အဝ ဖြည့်စွမ်းမှာ မဟုတ်တာကိုလည်း နှစ် ၇၀ ကျော်အတွင်း တွေ့မြင်ခဲ့ကြရပါတယ်။ 

ဆက်သွယ်ရေးနည်းပညာ တိုးတက်လာတာနဲ့အမျှ EAO တွေအနေနဲ့ တချိန်က နိုင်ငံတကာနဲ့ ဒေသခံတွေကို မိမိတို့လိုသလို ပြောဆိုပုံဖော်ကြသလို ပြောဆိုခွင့်သာတော့မှာ မဟုတ်သလို မြန်မာစစ်တပ်ရဲ့ ဝါဒဖြန့်မှုတွေဟာလည်း ခရီးပေါက်တော့မှာ မဟုတ်ပါဘူး။ ဘယ်သူတွေ ဘယ်လိုရပ်တည် လုပ်ကိုင်နေကြသလဲဆိုတာကို ကမ္ဘာကြီးက တိုးလျှိုပေါက် မြင်တွေ့နိုင်တဲ့ ကာလဆိုတာကို သတိချပ်သင့်ပါတယ်။ 

ပစ္စက္ခကာလမှာ တတိယအကြိမ် အာဏာသိမ်းတဲ့ မြန်မာစစ်တပ်ကို တော်လှန်ရေးဝါရင့်တဲ့ EAO တွေအပြင် ပြည်မနေ ဗမာတိုင်းရင်းသားများကပါ လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေကြပါပြီ။ ဗမာတွေကိုယ်တိုင်က ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ သွားကြမယ်လို့ ကြွေးကြော်နေကြပါပြီ။ ဒီအချိန်မှာ တချို့သော EAO ခေါင်းဆောင်တချို့ဟာ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တသိုက်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပြီး လိုလားချက်တွေ တောင်းဆိုနေကြပါတယ်။ နှစ်ပေါင်း ၇၀ အတွင်း တွေ့ကြုံခဲ့ရတာတွေကို သင်ခန်းစာမယူနိုင်ကြသေးဘဲ ပထွေးပေးမယ့် အခိုက်အတန့် ငြိမ်းချမ်းရေးနဲ့ လုပ်ပိုင်ခွင့်ကို ငံ့လင့်နေကြပုံပါပဲ။ 

မိမိလူမျိုးစုအရေး ဆိုတဲ့ ခေါင်းစဉ်တင်ပြီး စစ်အာဏာရှင်နဲ့ အဲကွန်းခန်းထဲထိုင် ဆွေးနွေးနေချိန်မှာ အခြားဒေသက တိုင်းရင်းသားကလေးငယ်တွေ တိုက်လေယာဉ်ဗုံးကြဲမှုကြောင့် စာသင်ခန်းထဲကနေ ထွက်ပြေးနေကြရတဲ့ အဖြစ်ကို EAO ခေါင်းဆောင်ကြီးတွေရဲ့ မြင့်မြတ်တဲ့ နှလုံးသားက လက်ခံပေးနိုင်ပါရဲ့လား။ ပြန်လည်ဆန်းစစ်ကြည့်သင့်ပါတယ်။

မိမိလူမျိုးစုအရေးကိုပဲ ရှေ့တန်းတင်မယ်လို့ ဘယ်လိုပင်ဆိုဆို ကျဉ်းမြောင်းလှတဲ့ နိုင်ငံအတွင်းမှာ တဒေသနဲ့ တဒေသ လူမှုရေး၊ စီးပွားရေး ဆက်နွှယ်မှုတွေ ရှိနေတာကြောင့် မိမိကိုယ်စားပြုတဲ့ လူမျိုးစုအပေါ်ကိုလည်း ရိုက်ခတ်မယ်ဆိုတာကို EAO ခေါင်းဆောင်တချို့အနေနဲ့ သတိမူသင့်ပါတယ်။ ဒါ့ကြောင့်လည်း KIA ဗိုလ်ချုပ်ကြီး အန်ဘန်လက မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ရေးအခြေအနေကြောင့် ဆန်စပါးရိက္ခာ ပြတ်လပ်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့တာပါ။ ဆန်စပါးတင်မကပါဘူး။ ငရုတ်၊ ကြက်သွန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ ရှားပါးလာမှာ ဖြစ်ပါတယ်။ ကချင်၊ ကရင်၊ ချင်းနဲ့ ကယားသာမက ပြည်မမှာပါ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ရဲ့ ရိုက်ခတ်မှုက ယခင်စစ်ပွဲတွေထက် ရိုက်ခတ်မှု ကြီးမား ပြင်းထန်မှာပါ။ 

မြန်မာ့နိုင်ငံရေးဟာ ရေတိုကုထုံးတွေ၊ ဆေးမြီတိုတွေနဲ့ ကုသလို့ရတဲ့ကာလ မဟုတ်တော့ပါဘူး။ စစ်အာဏာရှင်တသိုက်ကို အမြစ်ပြတ် ဖြိုချပြီး အရာရာကို အသစ်က ပြန်တည်ဆောက်ရမယ့် ကာလ ရောက်နေပါပြီ။ ဒါမှသာ တိုင်းရင်သားအားလုံးက လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ညှိနှိုင်းတည်ဆောက်ယူနိုင်မှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်နဲ့ ဒူးတိုက် ဆွေးနွေးနေကြတဲ့ EAO ခေါင်းဆောင်တွေအနေနဲ့လည်း စစ်ခေါင်းဆောင်တွေရဲ့ ဇာတ်ပို့၊ ဇာတ်ရံ ဗီလိန်အဖြစ် ကပြ အသုံးတော်ခံနေရတဲ့အဖြစ်ကို ငြီးငွေ့သင့်ပါပြီ။ တခတ် တခါ ပေါ်လာဖို့ ခဲယဉ်းတဲ့ တပ်ပေါင်းစုနဲ့အတူ လက်တွဲသင့်ပါပြီ။ ကျန်တိုင်းရင်းသားလူထုတရပ်လုံးနဲ့ ပြတ်ပြတ်သားသား ရပ်တည်ဖို့ ဆုံးဖြတ်ချက်ချရမယ့် အချိန်ကာလကို ရောက်ရှိနေပြီ ဖြစ်‌ပါကြောင်း ဆော်ဩလိုက်ရပါတယ်။ 

စိုင်းမင်းအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024