မွန်ပြည်နယ် ရေးမြို့နယ်မှာ စက်သုံးလောင်စာဆီတွေ ပြတ်လပ်လာလို့ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ပေါ်ရပ်ကွက် ၉ ခုနဲ့ ကျေးရွာပေါင်း ၁၁ ရွာလောက်ကို လျှပ်စစ်မီးပေးနေတဲ့ ပုဂ္ဂလိက မီးလင်းရေးကော်မတီက ဒီမနက်ပိုင်း ၉ နာရီခွဲလောက်မှာ စတင်ဖြတ်တောက်လိုက်တာလို့ ဆိုပါတယ်။
လက်ရှိမှာ လျှပ်စစ်မီးက မရလို့ မီးနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းမှန်သမျှက ဘာအလုပ်မှ လုပ်မရသလို မီးစက်သုံးပြီးလုပ်ငန်းလုပ်မယ်ဆိုရင်လည်း ဒီဆီဈေးနဲ့လည်ပတ်ဖို့ အဆင်မပြေတာကြောင့် တပိုင်တနိုင်လုပ်ငန်းတွေရပ်နားထားရမယ့်အခြေအနေရှိတယ်လို့လည်း လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
အခု ဒေါ်လာဈေးနဲ့ စက်သုံးဆီဈေးတွေ စံချိန်တင်တဖန်ပြန်မြင့်တက်လာသလို စက်သုံးဆီ ပြတ်လပ်မှုနဲ့ စတင်ကြုံတွေ့နေရလို့ ပုဂ္ဂလိက မီးလင်းရေးကော်မတီဘက်က စက်သုံးဆီ အလွယ်တကူဝယ်ယူရရှိဖို့နဲ့ မီတာခနှုန်းတွေကို သက်ဆိုင်ရာ အဖွဲ့စည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ မီတာ ၁ ယူနစ်ကို ကျပ် ၁၃၅၀ နှုန်းနဲ့ ကောက်ခံနေတာဖြစ်ပြီး ထပ်တိုးမယ်လို့ သတင်းတွေထွက်နေသလို အချိန်ပိုင်းနဲ့ မီးပေးမယ်လို့လည်း သတင်းထွက်နေပါတယ်။
စစ်အုပ်စုရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ရက်က မြန်မာနိုင်ငံအတွင်း စက်သုံးလောင်စာဆီတွေ လျှော့သုံးကြဖို့ ပြောဆိုခဲ့ပြီးနောက် စက်သုံးဆီဈေးတွေမြင့်တက်လာသလို ဆိုင်တွေမှာလည်း ဆီပြတ်လပ်တာတွေ ဖြစ်နေပါတယ်။