တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလုံးထာရွာကို သြဂုတ် ၁၄ ရက် မနက် ၉ နာရီ လောက်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ဝန်းကျင် ဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။
ရွာသားတဦးက “တရွာလုံးပြေးနေ ရတယ်။ အခြေအနေ မကောင်းဘူး။ လက်နက်ကြီးသံတွေပါ ကြား ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကလုံးထာရွာကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက တကြိမ် နဲ့ အခုနှစ် ဇန်နဝါရီလမှာတကြိမ် ဝင်ရောက်ရှာဖွေခဲ့ဖူးပါတယ်။
ဇန်နဝါရီလ စစ်ကောင်စီတပ် ဝင်ရောက်ခဲ့စဉ်မှာ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ သြဂုတ် ၁၂ ရက်မနက်ပိုင်းကစပြီး ထားဝယ်-ကလိန်အောင် ကားလမ်းပိုင်းမှာ အင်အား ၁၀၀၀ နီးပါး တပ်ဖြန့်ကာ ကလုံးထာရွာကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
အခုတကြိမ်မှာတော့ ကလုံးထာရွာကို စစ်တပ် ဘာကြောင့် ဝင်ရောက်ရှာဖွေတယ်ဆိုတာကိုတော့ မသိရ သေးပါဘူး။
ကလုံးထာရွာဟာ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်မှာ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း CBT အဖြစ် ဖွင့်လှစ်ခဲ့တဲ့ ရွာဖြစ်ပြီး ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ်၊ ခမောင်းသွယ်တိုက်နယ်တို့နဲ့ ဆက်စပ်နေပါတယ်။