မကွေးတိုင်း ရေလယ်ကျွန်းဒေသ မင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး တွေကို သြဂုတ် ၁၃ ရက်ညနေပိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ပျူစောထီး တယောက် ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ မြင်းခြံ MG6- ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
MG6-ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒုတပ်ရင်းမှူး ကိုချမ်းက “လှေခုတ်ရွာကို မီးရှို့နေချိန် နေ့လယ် ၁ နာရီလောက် သူတို့ အထိုင်ချတဲ့ မင်းရွာမှာ အင်အားနည်းချိန် စီးနင်းခဲ့တာ။ ရွာနားမှာ အမျိုးသမီး ၃ ယောက်နဲ့ တွေ့ပြီး မေးတာ စစ်တပ် မရှိဘူး ပြောလို့ ရွာလယ်ထိ ဝင်တာ။ အဲဒီမှာ ပျူတကောင်နဲ့ တွေ့လို့ ပစ်ခဲ့တယ်။ စစ်တပ် ပြန်ရောက်လာလို့ ပြန်ဆုတ်ခဲ့တယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက်ဟာ နေရင်း၊ မင်းရွာနဲ့ ဆင်တဲရွာတွေမှာ အထိုင်ချပြီး ပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးကာ မီးရှို့နေတာကြောင့် လှေခုတ်ရွာမှာ အိမ် ၆၀ ကျော်လောက် မီးလောင်နိုင်တယ်လို့ သူက ဆိုပါတယ်။
“နောက်ထပ်လည်း လူအင်အား၊ လက်နက်အင်အားတွေ ထပ်တိုးထားလို့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်”
ရေလယ်ကျွန်းဒေသမှာ စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်လောက်ရှိနေပြီး သူတို့အတွက် စားနပ် ရိက္ခာ၊ ဆေးဝါး၊ အဝတ်၊ အထည်၊ စောင်၊ ခြင်ထောင်၊ အမိုး၊ အကာနဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃၀၅၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar ရဲ့ ဇွန် ၇ ရက် ထုတ်ပြန်ချက်က ဆိုပါတယ်။